လက်လီဈေးကွက်တွင် အခြေအနေကို အခွင့်ကောင်းယူပြီး ရောင်းချမှုများကြောင့် ဆန်ဈေးနှုန်း တက်လာခြင်း ဖြစ်သည့်အတွက် လိုအပ်သလို အရေးယူမည်

လက်လီဈေးကွက်တွင် အခြေအနေကို အခွင့်ကောင်းယူပြီး ရောင်းချမှုများကြောင့် ဆန်ဈေးနှုန်း တက်လာခြင်း ဖြစ်သည့်အတွက် လိုအပ်သလို အရေးယူမည်
Published 6 August 2015
အငယ်ထွေး၊ နီလာ

လက်ရှိပြည်တွင်းဈေးကွက်တွင် ဆန်ဈေးများ မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အောက်တွင်ရှိနေသော ဆန်ကုန်စည်ဒိုင်များတွင် တက်နေခြင်း မဟုတ်ဘဲ လက်လီဈေးကွက်တွင် ရေကြီးရေလျှံ ဖြစ်နေမှုများအပေါ် အခွင့်ကောင်းယူပြီး ဈေးတင်ရောင်းချမှုများကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ယင်းကဲ့ သို့ ရောင်းချမှုများအပေါ် လိုအပ်သလိုအရေးယူသွားရန် နိုင်ငံတော်နှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
“အခုလိုဖြစ်လာတဲ့ အနေအထားမှာ မလိုလားအပ်ဘဲ ဈေးတင်ရောင်းချနေတဲ့ လက်လီဆိုင်တွေကို ကျွန်တော်တို့ အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ တကယ်လိုအပ်နေတဲ့ နေရာတွေကိုလည်း ဆန်အိတ်တွေ ပို့ပေးနေပါတယ်။ နယ်တွေမှာလည်း  လက်ကားအ ရောင်းဆိုင်တွေ ဖွင့်လှစ်ပေးသွားမှာပါ။ မကွေးမှာလည်း အခု လက်ကားအရောင်း ဆိုင်တစ်ခု အမြန်ဆုံး ဖွင့်လှစ်ဖို့စီစဉ်နေပါ တယ်။ မန္တလေးမှာလည်း ဖွင့်လှစ်သွားမှာပါ။ ရန်ကုန်မှာ ဝါးတန်းကုန်စည်ဒိုင်နဲ့ ဘုရင့် နောင်ကုန်စည်ဒိုင်မှာ အလှူရှင်တွေ လွယ်လင့်တကူ ဝယ်ယူလို့ရအောင် ဆောင်ရွက်သွားမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဆိုသည်။
“အခုဖြစ်နေတာက လူတွေက အလှူတွေလိုက်ခံကြတယ်။ တကယ်သဘာဝဘေး အန္တရာယ်ဖြစ်တဲ့သူတွေကို ကူညီဖို့ပါပဲ။ အဲဒီနေရာမှာ သူတို့က ရရာနေရာကနေ ဈေးကွက်လည်း မသိဘူး။ ဆန်ကို ဘယ်နားမှာများများ ဝယ်လို့ရမှန်းလည်း မသိဘူး။ ဒါကြောင့် တစ်နေ့မှ ဆန်အိတ် သုံး၊ လေးအိတ် ရောင်းတဲ့ဆိုင်မှာ တစ်ဆိုင်လုံး ဝယ်လိုက်ကြတယ်။ အဲဒီရောင်းလိုက်တဲ့ လူတွေကလည်း ဒိုင်မှာလာပြီး ဈေးမကြည့်တော့ဘဲနဲ့ ပြန်ဝယ်တယ်။ ဝယ်တဲ့အခါမှာ ဈေးနှုန်းတွေက မကြီးသင့်ဘဲ ကြီးကုန်တယ်။ ရုတ်တရက် မြင့်တက်သွားတယ်။ ဒါတွေကို ကျွန်တော်တို့ အသင်းအဖွဲ့ကနေ တားဆီးသွားမယ်။ နိုင်ငံတော်အနေနဲ့လည်း စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူသွားနိုင်အောင် တင်ပြသွားမှာပါ။ ဒါတွေကို အရေးပေါ်ကာလကြောင့် စီစဉ်ဆောင်ရွက် နေရခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
“အခုရေကြီးတော့ ရေကြီးတဲ့ဒေသတွေမှာ ဆန်ဈေးမြင့်တက်သလို ရန်ကုန်မှာလည်း ဆန်ဈေးတွေ လိုက်မြင့်သွားတာ တွေ့ရတယ်။ တစ်အိတ်ကို ၂၀၀၀ နဲ့ ၃၀၀၀ ကြားလောက် မြင့်တက်သွားပါတယ်။ ဒါကြောင့် အရင်တုန်းက ထမင်းတစ်ပွဲကို ၁၃၀၀ နဲ့ ရောင်းပေမယ့် အခုတော့ ၁၅၀၀ နဲ့ပဲ ရောင်းတော့တယ်” ဟု ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ထမင်းဆိုင်တစ်ဆိုင်က ဆိုသည်။
ယင်းကဲ့သို့ အရေးပေါ် အခြေအနေများ ကြောင့် ပြည်ပသို့ Overseas လမ်းကြောင်း မှ ဆန်တင်ပို့မှု ပိတ်ပင်ထားသကဲ့သို့ နယ်စပ်လမ်းကြောင်းမှလည်း ပိတ်ထားကြောင်း၊ တရားမဝင် တင်ပို့မှုများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent