ပြည်ပပို့ကုန်အုပ်စု ခုနစ်မျိုးအနက် ယခုဘဏ္ဍာနှစ် လေးလအတွင်း သဘာဝဓာတ်ငွေ့ ပါဝင်သည့် စက်မှုကုန်ချော တင်ပို့မှုမှ ရငွေအများဆုံးဖြစ်ပြီး ပုဂ္ဂလိကပိုင်ထက် နိုင်ငံပိုင် တင်ပို့မှုမှ ရငွေပိုများ

ပြည်ပပို့ကုန်အုပ်စု ခုနစ်မျိုးအနက် ယခုဘဏ္ဍာနှစ် လေးလအတွင်း သဘာဝဓာတ်ငွေ့ ပါဝင်သည့် စက်မှုကုန်ချော တင်ပို့မှုမှ ရငွေအများဆုံးဖြစ်ပြီး ပုဂ္ဂလိကပိုင်ထက် နိုင်ငံပိုင် တင်ပို့မှုမှ ရငွေပိုများ
Published 5 August 2015
ချမ်းမြေ့သူ

ပြည်ပပို့ကုန် အုပ်စုခုနစ်မျိုးအနက် သဘာဝဓာတ်ငွေ့ ပါဝင်သည့် စက်မှုကုန်ချောအုပ်စု ပြည်ပတင်ပို့မှုမှ ရငွေအများဆုံးဖြစ်ပြီး ပုဂ္ဂလိကပိုင်းထက် နိုင်ငံပိုင်တင်ပို့မှု ပိုများကြောင်း သိရသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းများအရ ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှရငွေ စုစုပေါင်း ဒေါ်လာ ၃၄၅၉ သန်းကျော်ရှိကြောင်း သိရသည်။ယင်းကဲ့သို့ တင်ပို့ရာတွင် လယ်ယာထွက်ပစ္စည်းအုပ်စု တင်ပို့မှုမှ ဒေါ်လာ ၁၀၃၆ သန်းကျော်၊ တိရစ္ဆာန်ထွက် တင်ပို့မှုမှ ဒေါ်လာ နှစ်သန်းကျော်၊ ရေထွက်ကုန် တင်ပို့မှုမှ ဒေါ်လာ ၁၂၉ သန်းကျော်၊ သတ္တုတွင်းထွက် တင်ပို့မှုမှ ဒေါ်လာ ၃၀၅ သန်းကျော်၊ သစ်တောထွက် တင်ပို့မှုမှ ဒေါ်လာ ၅၈ သန်းကျော်၊ စက်မှုကုန်ချော တင်ပို့မှုမှ ဒေါ်လာ ၁၈၁၀ သန်းကျော်နှင့် အခြားကုန်စည်မျိုးစုံ တင်ပို့မှုမှ ဒေါ်လာ ၁၁၅ သန်းကျော် အသီးသီး ရရှိထားကြောင်း သိရသည်။ပြည်ပသို့ ပို့ကုန်တင်ပို့မှု ပြုလုပ်ရာတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ဟူ၍ နှစ်မျိုးခွဲထားပြီး အခြားကုန်စည် အုပ်စုများအား ပြည်ပသို့ တင်ပို့ရာတွင် ပုဂ္ဂလိပိုင် တင်ပို့မှု ပိုများပြီး စက်မှုကုန်ချောအုပ်စု တင်ပို့မှုတွင်မူ နိုင်ငံပိုင် တင်ပို့မှုမှ ရငွေပိုများကြောင်း သိရသည်။ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုမှ ဒေါ်လာ ၁၈၁၀ ဒသမ ၆၉၀ သန်းရှိပြီး နိုင်ငံပိုင် တင်ပို့မှုမှ ဒေါ်လာ ၁၅၂၁ ဒသမ ၉၀၈ သန်းနှင့် ပုဂ္ဂလိကပိုင် တင်ပို့မှုမှ ဒေါ်လာ ၂၈၈ ဒသမ ၇၈၂ သန်းဖြစ်ကြောင်း သိရသည်။စက်မှုကုန်ချောဟု ဆိုရာ၌ သဘာဝဓာတ်ငွေ့နှင့် ချုပ်ပြီးအထည်၊ ပလတ်စတစ် ဖြတ်စများနှင့် အခြားကုန်စည်များ ပါဝင်ပြီး သဘာဝဓာတ်ငွေ့နှင့် ချုပ်ပြီးအထည်များ ပြည်ပတင်ပို့မှုမှ ရငွေပိုများကြောင်း သိရသည်။မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် နိုင်ငံခြားကုန်သွယ်မှု ပြုရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတို့မှတစ်ဆင့် တရုတ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ အမေရိကန်နှင့် ဗြိတိန် စသည့်နိုင်ငံတို့ဖြင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုမှ ရငွေမှာ ယခင်နှစ်တင်ပို့မှု ပမာဏထက်ပင် ပိုများပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု ပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၁၇၁၃ ဒသမ ၇၁၃ သန်းကျော်ရှိပြီး နိုင်ငံပိုင်တင်ပို့မှုမှ ဒေါ်လာ ၁၃၅၀ ဒသမ ၅၃၇ သန်းရှိပြီး ပုဂ္ဂလိကပိုင် တင်ပို့မှုမှ ဒေါ်လာ ၃၆၃ ဒသမ ၁၇၆ သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent