ရေလွှမ်းမှုတွင် နာဂစ်ကာလကဲ့သို့ ကယ်ဆယ်ရေးအားနည်းမှုကြောင့် မဆုံးရှုံးသင့်သည်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် အစိုးရအနေဖြင့် အလေးထားဆောင်ရွက်သင့်ကြောင်း မဖြိုးဖြိုးအောင်ပြောကြား

ရေလွှမ်းမှုတွင် နာဂစ်ကာလကဲ့သို့ ကယ်ဆယ်ရေးအားနည်းမှုကြောင့် မဆုံးရှုံးသင့်သည်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် အစိုးရအနေဖြင့် အလေးထားဆောင်ရွက်သင့်ကြောင်း မဖြိုးဖြိုးအောင်ပြောကြား
Published 4 August 2015
ဉာဏ်ဝင်းရှိန်

နိုင်ငံအနှံ့ဖြစ်ပေါ်နေသည့် ရေလွှမ်းမှုတွင် နာဂစ်မုန်တိုင်းကာလကကဲ့သို့  အစိုးရ၏ကယ်ဆယ်ရေးအားနည်းမှုများကြောင့် မဆုံးရှုံးသင့်သည့် ပြည်သူများ၏အသက်အိုးအိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် အစိုးရအနေဖြင့် အလေးထားဆောင်ရွက်သင့်ကြောင်း ဒီမိုကရေစီပညာရေးသပိတ်မှ ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က သြဂုတ် ၄ ရက်က ပြောကြားသည်။သြဂုတ် ၄ ရက်တွင် သာယာဝတီမြို့နယ်တရားရုံး၌ ဖမ်းဆီခံကျောင်းသားများနှင့် ဝန်းရံပြည်သူများကို (၁၁) ကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်စဉ် မဖြိုးဖြိုးအောင်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မဖြိုးဖြိုးအောင်က ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်တုန်းကလည်း အလားတူပါပဲ။ ကယ်ဆယ်ရေးအားနည်းတဲ့အတွက် မဆုံးရှုံးသင့်တာကို ပိုပြီးဆုံးရှုံးရတာရှိတယ်။ အခုရေဘေးမှာလည်း မဆုံးရှုံးသင့်တာကို မဆုံးရှုံးဖို့ အရေးကြီးတယ်။ အခုချိန်မှာတော့ လူအသေအပျောက်တွေ ရှိတော့ရှိတယ်။ ဒါပေမဲ့ တိတိကျကျထွက်မလာသေးဘူး။ လူတွေရဲ့အသက်အိုးအိမ်တွေ အခုထက်ပိုပြီးဆုံးရှုံးမှုမဖြစ်ပေါ်အောင် အခုချိန်မှာစပြီးတော့ ကြိုးစားဖို့လိုနေပြီလို့ ကျွန်မမြင်ပါတယ်။ အစိုးရရဲ့ညံ့ဖျင်းမှုကြောင့် ကျွန်မတို့ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ပေးဆပ်ခဲ့ရတာများပါပြီ။ အခုချိန်မှာတော့ ပျက်ဆီးဆုံးရှုံးမှုတွေ အခုထက်ထိမဖြစ်ပေါ်အောင် အစိုးရအနေနဲ့ ကြိုးစားသင့်တယ်လို့ ကျွန်မပြောချင်ပါတယ်ဟု ပြောကြားသည်။ထို့ပြင် ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်ကလည်း လက်ရှိဖြစ်ပေါ်နေသည့် ရေလွှမ်းမိုးမှုတွင် အစိုးရ၏ကယ်ဆယ်ရေး တုံ့ပြန်ဆောင်ရွက်မှုမှာ နှောင့်နှေးကြန့်ကြာနေပြီး နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရစဉ်ကာလကကဲ့သို့ သဏ္ဍန်တူနေကြောင်း ဝေဖန်ပြောကြားသည်။၎င်းက ဒီလိုမျိုးရေကြီးတာကို အစိုးရအနေနဲ့ ချက်ချင်းကယ်ဆယ်ရေးပိုင်းကို တုံ့ပြန်ဆောင်ရွက်တာ နှောင့်နေးကြန့်ကြာနေတယ်။ ဘာလို့ကြန့်ကြာနေရတာလဲလို့ ပြန်ပြီးစဉ်းစားတဲ့အခါ ၂၀၀၈ နာဂစ်ကာလကလိုဖြစ်နေတယ်။အဲဒီတုန်းကလည်း လူတွေသိန်းချီသေတယ်။ ဒါပေမဲ့ အစိုးရစိတ်ဝင်စားတာဒါမဟုတ်ဘူး။ လူတွေရဲ့အသက်အိုးအိမ်မဟုတ်ဘူး။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုထောက်ခံမှုအများဆုံးနဲ့ အတည်ပြုနိုင်ဖို့ပဲ။ အခုအခြေအနေချင်းကလည်း အတူတူပဲ။ လာမယ့်ရွေးကောက်ပွဲမှာ အာဏာပြန်ရဖို့ပဲ ဦးတည်နေတယ်လို့မြင်တယ်။ အစိုးရအနေနဲ့ ကယ်ဆယ်ရေးကို သေသေချာချာတာဝန်ယူဆောင်ရွက်သင့်တယ်ဟု ပြောကြားသည်။ထို့ပြင် အဆိုပါရုံးချိန်း၌ ဖမ်းဆီးခံဗကသကျောင်းသားများမှ လက်ပံတောင်းတောင်ဒေသ ရေဘေးသင့်ပြည်သူများနှင့် အခြားရေဘေးသင့်ပြည်သူများသို့ အလှူငွေသုံးသိန်းအား ပေးအပ်လှူဒါန်းခဲ့သည်။သြဂုတ် ၄ ရက်က ၁၁ ကြိမ်မြောက်အဖြစ်ခေါ်ယူခဲ့သည့် အဆိုပါရုံးချိန်းတရားခွင်တွင် လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့မှ ကျောင်းသားများအား တရားသူကြီး၏ချုပ်မိန့်မပါရှိဘဲ တစ်ရက်အဓမ္မချုပ်နှောင်ခဲ့မှုနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ်နှစ်ဦးကို သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခဲ့မှုကြောင့် ၎င်းတို့ကို ကျောင်းသားများဘက်မှ မတရားဖမ်းဆီးချုပ်နှောင်မှုဖြင့် ပြန်လည်တရားစွဲဆိုရန် လျှောက်ထားမှုကို တရားသူကြီးထံတွင် လျှောက်လဲချက်ပေးခဲ့ပြီး လာမည့်အပတ်ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေဦး ရောဘတ်စန်းအောင်ကဆိုသည်။ထို့ပြင် အဆိုပါရုံးချိန်းတွင် ကျောင်းသားနှင့် ဝန်းရံပြည်သူ ၁၃ ဦး အာမခံလျှောက်ထားရာတွင် သုံးဦးမှာ ပယ်ချခံခဲ့ရပြီး ကျန် ၁၀ ဦးအပေါ် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ထိုရုံးချိန်းကို သြဂုတ် ၁၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သတင်းရရှိသည်။