ရခိုင်ပြည်နယ်တွင် ရေဘေးအပေါ်စိုးရိမ်စိတ်ကြောင့် ဆန်ဝယ်ယူစုဆောင်းမှုများခြင်း၊ ဆန်ဝယ်ယူရန်ခက်ခဲခြင်း၊ ဆန်ဈေးတက်လာခြင်းကြောင့် ဆန်ဈေးနှုန်းတည်ငြိမ်သည်အထိ MRF က ဆန်များတင်ပို့သွားမည်

ရခိုင်ပြည်နယ်တွင် ရေဘေးအပေါ်စိုးရိမ်စိတ်ကြောင့် ဆန်ဝယ်ယူစုဆောင်းမှုများခြင်း၊ ဆန်ဝယ်ယူရန်ခက်ခဲခြင်း၊ ဆန်ဈေးတက်လာခြင်းကြောင့် ဆန်ဈေးနှုန်းတည်ငြိမ်သည်အထိ MRF က ဆန်များတင်ပို့သွားမည်
Published 4 August 2015
နီလာ

ရခိုင်ပြည်နယ်တွင် ရေဘေးအပေါ်စိုးရိမ်စိတ်ကြောင့် ဆန်ဝယ်ယူစုဆောင်းမှု အလွန်များပြားနေကြောင်း၊ ရေဘေးကြောင့် အချို့နေရာများတွင် ဆန်ဝယ်ယူရရှိရန်အခက်အခဲရှိနေကြခြင်း၊ ဆန်ဈေးများတက်လာကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (ရခိုင်ပြည်နယ်အလုပ်အမှုဆောင်များ) မှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) သို့ သတင်းပေးပို့လာကြောင်း သိရသည်။ယင်းကဲ့သို့ ဆန်ဈေးတက်လာခြင်း၊ ဆန်ဝယ်ယူရန် အခက်အခဲများရှိနေခြင်းကြောင့် ရန်ကုန်မှ ဆန်များပေးပို့ရန် MRF သို့ မေတ္တာရပ်ခံလာကြောင်း၊ ထို့ကြောင့်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (ဗဟို)မှ ရခိုင်ပြည်နယ်သို့ ဆန်အိတ် ၃၀၀၀ ကို တိုးနဒီသင်္ဘောဖြင့် အမြန်ဆုံးပေးပို့ရန်စီစဉ်လျက်ရှိပြီး ဆက်လက်၍လည်း ဆန်အိတ်များကို ဈေးနှုန်းတည်ငြိမ်သည်အထိ ဆက်လက်တင်ပို့ရန် စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံဒေသအများစုတွင် ရေဘေးသင့်နေသော်လည်း ဆန်ပြတ်လပ်မည့်အခြေအနေ၊ ဆန်ဈေးတက်မည့်အခြေအနေများကို ပြည်သူများစိုးရိမ်ပူပန်ခြင်းမဖြစ်ကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။ထို့ပြင် ရေဘေးသင့်ဒေသများတွင် ဆန်ဈေးများ အဆမတန်ကြီးမြင့်မှုမရှိစေရန်နှင့် ဆန်ပြတ်လပ်မှုမဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆန်လိုအပ်သောသူများရှိပါကလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ထို့ပြင် ရေဘေးသင့်ဒေသများတွင် ဆန်လှူဒါန်းချင်သူများအတွက် ရွှေဝါရောင်စိုက်ပျိုးထုတ်လုပ်မှုကုမ္ပဏီမှ ဆန်အိတ်ရေတစ်သိန်းကိုလည်း ထုတ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။"ရေဘေးသင့်ဒေသတွေအတွက် ကျွန်တော်တို့ကုမ္ပဏီက ဆန်အိတ်ရေတစ်သိန်းရောင်းချပေးမှာပါ။ အခုဆိုရင် အိတ်ရေ  ၆၅၀၀၀ လောက်ရောင်းပြီးပါပြီ။ အများအားဖြင့်တော့ ဆန်ကြမ်းတွေပါ" ဟု ရွှေဝါရောင်စိုက်ပျိုးထုတ်လုပ်မှုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                                

Most Read

Most Recent