ရေဘေးသင့် ဒေသများတွင် ဆန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရန်နှင့် ဆန်ပြတ်လပ်မှု မရှိစေရန်အတွက် ပြည်ပသို့ ဆန်တင်ပို့မှု စက်တင်ဘာ ၁၅ ရက်အထိ ရပ်ဆိုင်းထားမည်

ရေဘေးသင့် ဒေသများတွင် ဆန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရန်နှင့် ဆန်ပြတ်လပ်မှု မရှိစေရန်အတွက် ပြည်ပသို့ ဆန်တင်ပို့မှု စက်တင်ဘာ ၁၅ ရက်အထိ ရပ်ဆိုင်းထားမည်
Published 3 August 2015
နီလာ

ရေဘေးသင့်ဒေသများနှင့် ဆန်ဈေးနှုန်း ကြီးမြင့်မှု မရှိစေရန်နှင့် ပြည်တွင်းဆန်ပြတ်လပ်မှု မရှိစေရန်အတွက် ပြည်ပသို့ ဆန်တင်ပို့မှုအား စက်တင်ဘာ ၁၅ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနှင့် ဆန်ကုန်စည်ဒိုင်တို့ အစည်းအဝေး ပြုလုပ်၍ ဆန်ဈေးအား တည်ငြိမ်အောင် ရောင်းချပေးပါရန်နှင့် ပြည်ပဆန်တင်ပို့ခြင်းအား စက်တင်ဘာ ၁၅ ရက်အထိ (မိုးစပါး ပေါ်ချိန်) ရက်ဆိုင်းထားရန် ဆုံးဖြတ်ထားကြောင်း၊ ပြည်ပပို့ဆန် ရပ်ဆိုင်းခြင်းအားဖြင့် ပြည်တွင်းဆန် လုံလောက်မှုရှိပြီး ဈေးနှုန်းပြန်လည် တည်ငြိမ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
“မနက် (သြဂုတ် ၃ ရက်) က ဆန်ကုန်သည်တွေကို အစည်းအဝေးခေါ်ပါတယ်။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီးတဲ့ကိစ္စတွေက စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။ အဲဒါကြောင့် ဆန်ကုန်သည်တွေက လာမယ့် ၉ လပိုင်း ၁၅ ရက်နေ့အထိ လောက်ကို ပြည်ပကို ဆန်တင်ပို့တာတွေ ယာယီရပ်ဆိုင်းထားဖို့ သဘောတူထား ကြပါတယ်။ ပြီးတော့ အစိုးရကို တင်ပြမယ်။ အစိုးရဘက်က ခွင့်ပြုပြီ ဆိုရင်တော့ ၉ လပိုင်း ၁၅ ရက်လောက် အထိကို ပြည်ပကိုဆန်ပို့တာ ရပ်ထားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရေဘေးသင့် ဒေသများတွင် ဆန်ဈေးများ အဆမတန်ကြီးမြင့်မှု မရှိစေရန်နှင့် ဆန်ပြတ်လပ်မှု မဖြစ်ပေါ် စေရန်အတွက် ဆန်လိုအပ်သောသူများ ရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဆန်လိုအပ်ပါက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ဖုန်းနံပါတ် ၀၁ -၂၁၈၂၆၆၊ ၀၁-၂၁၈၂၆၇၊ ၀၁-၂၁၈၂၆၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လဆန်းပိုင်းအတွင်း သီးနှံများ ရေကြီးနစ်မြုပ်မှု၊ ထိခိုက်ပျက်စီးမှုမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေနစ်မြုပ်ခဲ့သည့် ဧကပေါင်း ၉၇၀၇၈၇ ဧက၊ သီးနှံထိခိုက်မှုနှင့် ပျက်စီးခဲ့သည့် ဧကပေါင်းမှာ ၂၃၀၀၀၀ ကျော်ရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် မိုးစပါးကို နှစ်စဉ် ဧက ၁၅သန်းခန့် စိုက်ပျိုးကြောင်း၊ ရေကြီးမှု အဓိက ဖြစ်ပွားနေသော ဒေသများသည် မြန်မာနိုင်ငံတွင် ဆန်စပါး အဓိကစိုက်ပျိုးရာ ဒေသများဖြစ်သဖြင့် အထွက်နှုန်း လျော့ကျမှုများ ဖြစ်ပွားလာနိုင်ကြောင်း၊ သို့သော်လည်း ရေပြန်ကျမည့်အချိန်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကာ ရေကြီးနစ်မြုပ် နေသည့်ရက် သိပ်မကြာဘဲ ရေပြန်ကျသွားပါက ပြန်လည်စိုက်ပျိုးရန် အချိန်မီနိုင်သေးကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရရှိသော သတင်းများအရ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့မှု အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇူလိုင် ၁၇ ရက်အထိ ဆန်တန်ချိန် ၃၉၇၆၀၇ နှင့် ဆန်ကွဲတန်ချိန် ၁၈၀၀၀၀ ကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။                            

Most Read

Most Recent