မြန်မာ့အာမခံ ဈေးကွက်မှာ နုနယ်သေးသော်လည်း ဖွံ့ဖြိုးမှုမြန်ဆန်နေပြီး လိုင်စင်ရပုဂ္ဂလိက အာမခံကုမ္ပဏီတစ်ခုမှ တစ်လလျှင် ပရီမီယံကြေး ကျပ်သန်းတစ်ထောင်ခန့် ဝင်ငွေရှိ

မြန်မာ့အာမခံ ဈေးကွက်မှာ နုနယ်သေးသော်လည်း ဖွံ့ဖြိုးမှုမြန်ဆန်နေပြီး လိုင်စင်ရပုဂ္ဂလိက အာမခံကုမ္ပဏီတစ်ခုမှ တစ်လလျှင် ပရီမီယံကြေး ကျပ်သန်းတစ်ထောင်ခန့် ဝင်ငွေရှိ
Published 3 August 2015
နွဲ့ယဉ်အေး

မြန်မာနိုင်ငံ၏ အာမခံဈေးကွက်မှာ နုနယ်သေးသော်လည်း ဖွံ့ဖြိုးမှု အလွန်မြန်ဆန်နေပြီး လိုင်စင်ရပုဂ္ဂလိက အာမခံကုမ္ပဏီတစ်ခုမှ တစ်လလျှင် ပရီမီယံကြေး ကျပ်သန်း တစ်ထောင်ခန့် ဝင်ငွေရရှိနေကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
“မြန်မာ့အာမခံဈေးကွက်က ၂၀၁၃ ခုနှစ်မှ စတင်ပေါ်ပေါက်လာတာဖြစ်လို့ အင်မတန် နုနယ်ပါသေးတယ်။ အရင်က အာမခံက အစိုးရတစ်ခုပဲရှိလို့ ဈေးကွက်လို့ မခေါ် ဆိုနိုင်ပါဘူး။ အခုဆိုရင် လိုင်စင်ရအာမခံ ကုမ္ပဏီတစ်ခုရဲ့ တစ်လဝင်ငွေ ပရီမီယံကြေး ကျပ်သန်းတစ်ထောင်ခန့် ရှိပါတယ်” ဟု ၎င်းက Myanmar Finance Inclusion Conference 2015 တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်စ ဈေးကွက်တစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေ ၅၁ ဒသမ ၅ သန်းတွင် ၀ ဒသမ ၅ ရာခိုင်နှုန်းသာ အာမခံထားကြောင်း သိရသည်။
“၂၀၁၄ ခုနှစ်က သုတေသန လုပ်ခဲ့တာမှာ အာရှမှာ အာမခံကုမ္ပဏီတွေရတဲ့ ပရီမီယံကြေး တိုးတက်မှုက ၇ ဒသမ ၃ ရာခိုင်နှုန်း အထိရှိတယ်။ ဥရောပမှာ ပရီမီယံကြေး တိုးတက်မှုက ၁ ဒသမ ၄ ရာခိုင်နှုန်းပဲရှိတယ်” ဟု အာမခံဈေးကွက် အခြေအနေနှင့် ပတ်သက်၍ ဦးမောင်မောင်သိမ်းက ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံတွင် အာမခံထားရှိမှုမှာ နိုင်ငံဂျီဒီပီ၏ ၀ ဒသမ ၀၆၄ ရာခိုင်နှုန်းသာ ရှိသေးပြီး ဒေသတွင်း နိုင်ငံတစ်ခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံတွင် နိုင်ငံဂျီဒီပီ၏ ၂ ရာ ခိုင်နှုန်းခန့် အာမခံထားကြသဖြင့် မြန်မာနိုင်ငံထက် အာမခံဈေးကွက် တိုးတက်လျက်ရှိကြောင်း သိရသည်။
အနောက်နိုင်ငံများတွင် အာမခံထားရှိမှုမှာ နိုင်ငံဂျီဒီပီ၏ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်း အကြားရှိပြီး အရှေ့တိုင်း နိုင်ငံများတွင် အာမခံထားရှိမှုမှာ နိုင်ငံဂျီဒီပီ၏ ၃ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။
ပုဂ္ဂလိကအာမခံ လုပ်ငန်းများကို မြန်မာ နိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစတင်ကာ လုပ်ငန်းလိုင်စင် ချထားပေးခဲ့ပြီး လက်ရှိတွင် လိုင်စင်ရကုမ္ပဏီပေါင်း ၁၂ ခုရှိနေသည်။
အဆိုပါကုမ္ပဏီများထဲမှ လေးခုကို ဒေါ်လာဖြင့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ကနဦးတွင် အဆိုပါကုမ္ပဏီများကို မီးအာမခံ၊ အလုံးစုံမော်တော်ယာဉ် အာမခံ၊ အသက်အာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ သမာဓိအာမခံ၊ ငွေသားလုံခြုံမှု အာမခံတို့ကို လုပ်ကိုင်ခွင့် ပြုထားပြီး ၂၀၁၄ ခုနှစ်တွင် အထူးခရီးသွား အာမခံကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။
မြန်မာ့အထူးစီးပွားရေး ဇုန်တစ်ခုဖြစ်သော သီလဝါအထူး စီးပွားရေးဇုန်တွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် ဂျပန်ကုမ္ပဏီ Sompo Japan ကုမ္ပဏီကို ပထမဆုံးအဖြစ် လိုင်စင်ပေးအပ်ခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံခြားကုမ္ပဏီသုံးခုကို လုပ်ငန်းလိုင်စင်ပေးအပ်ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ကိုယ်စားလှယ်ရုံး လာရောက်ဖွင့်လှစ်ထားသော နိုင်ငံခြားအာမခံ ကုမ္ပဏီပေါင်း ၁၈ ခု ရှိနေကြောင်း သိရသည်။                     

Most Read

Most Recent