ဘဏ္ဍာရေးကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့် Stake Holder အသီးသီး၏ ယုံကြည်မှု ရရှိရေးနှင့် နိုင်ငံပိုပြီး ဖွံ့ဖြိုးတိုးတက်ကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေးအတွက် မြန်မာ့ဘဏ္ဍာရေးကဏ္ဍ ပို၍ပွင့်လင်းမြင်သာရန် လိုအပ်ကြောင်း GIZ ထောက်ပြ

ဘဏ္ဍာရေးကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့် Stake Holder အသီးသီး၏ ယုံကြည်မှု ရရှိရေးနှင့် နိုင်ငံပိုပြီး ဖွံ့ဖြိုးတိုးတက်ကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေးအတွက် မြန်မာ့ဘဏ္ဍာရေးကဏ္ဍ ပို၍ပွင့်လင်းမြင်သာရန် လိုအပ်ကြောင်း GIZ ထောက်ပြ
Published 2 August 2015
အငယ်ထွေး၊ နီလာ

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့် Stake Holder အသီးသီး၏ ယုံကြည်မှု ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီး နိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုပါက မြန်မာ့ဘဏ္ဍာရေးကဏ္ဍ ပိုပြီး ပွင့်လင်းမြင်သာရန် လိုအပ်နေကြောင်း ဂျာမာန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) က Myanmar Financial Institute မှ ကြီးမှူးကျင်းပသည့် 1st Myanmar Financial Inclusion Conference 2015 တွင် ထောက်ပြ ပြောဆိုလိုက်သည်။မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍတွင် အားလုံးပါဝင်လာနိုင်ရေးဆိုသည့် နေရာ၌ အာမခံကုမ္ပဏီများ၊ စတော့အိတ်ချိန်း စသည်တို့လည်း အကျုံးဝင်နေကြောင်း သိရသည်။“အခုဆိုရင် ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုကိုလည်း လိုင်စင်တွေ ထုတ်ပေးခဲ့ပြီးပါပြီ။ ခွင့်ပြုတဲ့ အာမခံ အမျိုးအစားတွေကလည်း တဖြည်းဖြည်း တိုးလာပါတယ်။ ရန်ကုန် စတော့အိတ်ချိန်းကို လာမယ့် ၂၀၁၅ ခုနှစ် နိုဝင်ဘာမှာ ဖွင့်လှစ်သွားဖို့ စီစဉ်နေပါတယ်။ ဒီခြေလှမ်းတွေဟာ အလွန့်အလွန် အရေးကြီးပြီးတော့ မြန်မာနိုင်ငံဟာ လူတိုင်းအကျိုးအတွက် လက်လှမ်းမီတဲ့ ဘဏ္ဍာရေးကဏ္ဍကို ထိပ်သီးဦးစားပေး သဘောထားတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခြေလှမ်းတွေ မှားလို့မရပါဘူး။ ရည်ရွယ်ချက်တွေလည်း မအောင်မြင်သေးပါဘူး။ သွားရမယ့်လမ်းက အဝေးကြီး ရှိနေပါသေးတယ်။ အခု ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကတော့ တိုင်းပြည်စီးပွားရေးကို ပံ့ပိုးအထောက်အကူပြုနိုင်ဖို့အတွက် ငွေရေးကြေးရေးကဏ္ဍကို ပိုခိုင်မာအားကောင်းလာအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်” ဟု GIZ မှ တာဝန်ရှိသူ မစ္စတာအန်တနီက ပြောကြားသည်။ဘဏ္ဍာရေးကဏ္ဍတွင် အားလုံးလက်လှမ်းမီ ပါဝင်လာရေး (Financial Inclusion) ဆိုသည်မှာ ဆင်းရဲသားပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသည့် ကြိုးပမ်းအားထုတ်မှုတစ်ရပ်ဖြစ်ကြောင်း၊ ဘဏ်စာရင်းများ ဖွင့်လှစ်ခြင်း၊ အာမခံထားရှိခြင်း စသည့်ဘဏ္ဍာရေး ဝန်ဆောင်မှုများကို ယခင်ကထက် ပိုမိုလက်လှမ်းမီအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် သုံးသပ်ပြောကြားခဲ့ကြသည်။မြန်မာအစိုးရ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ဘဏ္ဍာရေးကဏ္ဍ၌ လူတိုင်းပါဝင် လက်လှမ်းမီရေး မဟာဗျူဟာကို စတင်ကျင့်သုံးနေသည့် အပိုင်းလည်းရှိကြောင်း၊ ပြည်ထောင်စုအဆင့်တွင်မူ ဒုတိယသမ္မတ ဦးဆောင်ပြီး SMEs Finance Working Group ကို ဖွဲ့စည်းခဲ့ကြောင်း၊ ဘဏ်လုပ်ငန်း ဥပဒေသစ်ကိုလည်း ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားဘဏ်ကိုးခုကို လိုင်စင်များ ထုတ်ပေးခဲ့ကြောင်း၊ ထို့အတူ ၂၀၁၁ ခုနှစ်တွင်လည်း Microfinance နှင့် ပတ်သက်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ကြောင်း၊ လက်ရှိအချိန်ထိ အသေးစားချေးငွေ လုပ်ငန်းပေါင်း ၉၀ ကို လိုင်စင်ထုတ်ပေးထားပြီးဖြစ်ကြောင်း ပြီးခဲ့သည့်လကပင် SMEs Law ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။“ဘဏ္ဍာရေးကဏ္ဍမှာ လူတိုင်းလက်လှမ်းမီလာရုံနဲ့တော့ အရာရာအားလုံးကို ဖြေရှင်းနိုင်မှာ မဟုတ်သေးပါဘူး။ သတင်းအချက်အလက်တွေ တစ်ခုနဲ့တစ်ခု မတူကွဲပြား ခြားနားနေခြင်းက မြန်မာ့ဘဏ္ဍာရေးကဏ္ဍမှာ ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်နေပါတယ်။ ဘဏ္ဍာရေးကဏ္ဍမှာ ပါဝင်ပတ်သက်နေတဲ့ Stake Holder အသီးသီးရဲ့ ယုံကြည်မှုကို ရရှိဖို့နဲ့ နိုင်ငံပိုပြီး ဖွံ့ဖြိုးတိုးတက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့ဆိုရင် မြန်မာ့ဘဏ္ဍာရေးကဏ္ဍမှာ ပိုပြီးပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။ ဘဏ္ဍာရေးကဏ္ဍမှာ ယုံကြည်မှုရှိခြင်းဟာဆိုရင် Customer တွေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ အခြားအရာတွေထက် ပိုပြီးတော့ အရေးကြီးပါတယ်။ ဒီလို ယုံကြည်မှုကို ရဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့တော့ ရမှာမဟုတ်ပါဘူး” ဟု GIZ မှ တာဝန်ရှိသူ မစ္စတာအန်တနီက ပြောကြားသည်။မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပြီး အဓိကအားဖြင့် အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အထောက်အပံ့ပေးရန်လည်း လိုအပ်ကြောင်း၊ ယင်းနေရာတွင် SMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် များစွာအရေးပါနေကြောင်း ဗဟိုဘဏ်၏ နိုင်ငံခြားငွေကြေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

Most Read

Most Recent