အခြေခံစားသောက်ကုန်ဈေးနှုန်းများ နှစ်နှစ်အတွင်း ရာခိုင်နှုန်း ၉၀ အထိ စံချိန်တင်မြင့်တက်

အခြေခံစားသောက်ကုန်ဈေးနှုန်းများ နှစ်နှစ်အတွင်း ရာခိုင်နှုန်း ၉၀ အထိ စံချိန်တင်မြင့်တက်
Published 31 July 2015
အေးမို့မို့အောင်သူ

အခြေခံစားသောက်ကုန်ဈေးနှုန်းများ နှစ်နှစ်အတွင်း ရာခိုင်နှုန်း ၉၀ အထိ စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သိရသည်။၂၀၁၃ ခုနှစ်မှစတင်၍ ကုန်ဈေးနှုန်းများအနေဖြင့် ဈေးနှုန်းစတင်မြင့်တက်လာခြင်းဖြစ်သည်။ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ကုန်ဈေးနှုန်းများအနေဖြင့် မြင့်တက်ခဲ့သော်လည်း စံချိန်တင်မြင့်တက်ခဲ့ခြင်းမရှိခဲ့ပေ။ ၂၀၁၅ ခုနှစ် ဧပြီမှစတင်ကာ အတက်ဈေးနှုန်းများထက် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဆမြင့်တက်မှုများမှ ယခုအခါတွင် သုံးဆမြင့်တက်နေမှုများ ဖြစ်ပေါ်လျက်ရှိသည်။အဓိကဈေးနှုန်းမြင့်တက်သည့် ကုန်စည်များမှာ ဆန်၊ ဆီ၊ သားငါး၊ မီးဖိုချောင်သုံး စားသောက်ကုန်များနှင့် ဆေးဝါးစသည့်တို့မှာ သိသိသာသာဈေးနှုန်းပြောင်းလဲမြင့်တက်ခြင်းဖြစ်သည်။သား၊ ငါးဈေးနှုန်းများအနေဖြင့် ယခင်ကြက်သားတစ်ပိဿာကျပ် ၅၀၀၀ မှ ယခုအခါတွင် ကျပ် ၆၅၀၀ မှ ကျပ်၁၂၀၀၀အထိလည်းကောင်း၊ ဝက်သားတစ်ပိဿာကျပ် ၅၀၀၀ မှ ၆၀၀၀ ယခုအခါတွင် ကျပ် ၇၀၀၀ မှ ၁၂၀၀၀ အထိလည်းကောင်း၊ အမဲသားတစ်ပိဿာ ကျပ် ၄၅၀၀ မှ ၈၀၀၀ ယခုအခါတွင် ကျပ် ၈၀၀၀မှ ၁၄၀၀၀ သို့လည်းကောင်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ငါး၊ ပုစွန်ဈေးနှုန်းများအနေဖြင့်လည်း ငါးကြင်းတစ်ပိဿာ ယခင်ဈေး ကျပ် ၃၈၀၀မှ ယခုအခါတွင် တစ်ပိဿာကျပ်  ၇၅၀၀ သို့လည်းကောင်း၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ယခင်ကျပ် ၂၅၀၀ မှ ၄၀၀၀ ယခုအခါတွင် တစ်ပိဿာကျပ် ၅၀၀၀ အထိသို့လည်းကောင်း၊ ငါးရံ့တစ်ပိဿာ ယခင် ကျပ် ၄၅၀၀ မှ ၆၅၀၀ ယခုအခါတွင် တစ်ပိဿာ ကျပ် ၈၀၀၀ မှ ၁၁၀၀၀ သို့လည်းကောင်း၊ ငါးကျီး၊ ငါးခူတစ်ပိဿာလျှင် ယခင်ဈေး ကျပ် ၆၀၀၀ မှ ၇၀၀၀ ယခုအခါတွင် ကျပ် ၁၀၀၀၀ အထိဈေးနှုန်းမြင့်တက်လျက်ရှိသည်။ကြက်သား၊ ဝက်သား၊ အမဲသားနှင့် သားငါးအနေဖြင့် ဈေးနှုန်းကျဆင်းသွားခြင်းမရှိသည့်အပြင် ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် ယခုရာသီသည် ကုန်စိမ်းများဈေးနှုန်းမြင့်တက်သည့်ရာသီဖြစ်၍ ဘူးသီး၊ ပဲသီးနှင့် ခရမ်းချဉ်သီးအပါအဝင် အခြားကုန်စိမ်းဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဈေးနှုန်းအနည်းငယ်မြင့်တက်နိုင်ခြေရှိကြောင်း ဟင်းသီးဟင်းရွက်နှင့် ကုန်စိမ်း လက်လီ၊ လက်ကားရောင်းချသည့် သီရိမင်္ဂလာဈေးသစ်ကုန်စိမ်းဒိုင်များမှ သိရသည်။ဆန်၊ ဆီဈေးနှုန်းများအနေဖြင့်လည်း ယခင်ဈေးနှုန်းကထက် နှစ်ဆမြင့်တက်နေခြင်းဖြစ်ပြီး ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ယခင် ကျပ် ၄၈၀၀၀ မှ ယခုအခါတွင် တစ်အိတ်လျှင် ကျပ် ၅၃၀၀၊ ဖျာပုံပေါ်ဆန်း ရှယ်တစ်အိတ်လျှင် ယခင်ကျပ် ၄၃၀၀၀ မှ ယခုအခါတွင် ၄၉၀၀၀ သို့လည်ကောင်း၊ တောင်ပျံဆန်တစ်အိတ်လျှင် ကျပ် ၄၁၀၀၀မှ ယခုအခါတွင် ကျပ် ၄၈၀၀၀ သို့အသီးသီးဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်တစ်အိတ်လျှင် အနည်းဆုံးကျပ်  ၃၀၀၀ မှ စတင်မြင့်တက်လျက်ရှိသည်။"ဆန်ချောဈေးတွေကလည် အရမ်းကိုမှတက်သွားတာ။ နောက်ပြီး ဆန်ကြမ်းဈေးလည်းတက်တယ်။ ဆန်ကတော့ အဝင်နည်းသွားတာကြောင့်လည်း ဈေးမြင့်သွားတာပါတယ်။ နောက်ပြီး ဆီတွေဆိုရင်လည်း ဈေးတက်တယ်" ဟု တာမွေမြို့နယ်အတွင်းရှိ ကုန်မျိုးစုံလက်လီ၊ လက်ကားရောင်းချလျက်ရှိသော ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။ထို့အပြင် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း ဒေါ်လာဈေးနှုန်းများ အတက်ကြမ်းမှုများကြောင့် ပြည်ပမှတင်သွင်းတဲ့ စားသောက်ကုန်များ၊ ဆေးဝါးနှင့် လူကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်လျက်ရှိနေသည်။ကုန်စည်ဈေးနှုန်းများအနေဖြင့် ဝန်ထမ်းလစာတိုးခြင်း၊ ဒေါ်လာဈေးမြင့်တက်ခြင်း၊ ကုန်ပစ္စည်းအဝင်နည်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်အခက်အခဲများကြောင့် ယခုကဲ့သို့ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ကုန်ဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက်သည့်ဒဏ်ကို ၂၀၁၃ ဇွန်လမှစတင်၍ ခံစားလာရသည်။ထို့သို့မြင့်တက်လျက်ရှိသော ကုန်ဈေးနှုန်းများအနေဖြင့် ဈေးနှုန်းပြန်လည်ကျဆင်းနိုင်ခြင်းမရှိသေးသည့်အပြင် လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသော ရာသီဥတုအခြေမနေများကြောင့် ကုန်ဈေးနှုန်းမှာ ဆက်လက်မြင့်တက်မည့်အခြေအနေတွင် တည်ရှိလျက်ရှိသည်။မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအဓိကလုပ်ကိုင်လျက်ရှိသည့် နေရာဒေသများတွင် ရေကြီး၊ ရေလျှံမှုများမှာလည်း ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် စိုက်ပျိုးရေမြေဧကများ ပျက်စီးဆုံးရှုံးလျက်ရှိပြီး ဆန်ဈေးနှုန်းများနှင့် ကုန်စိမ်းဈေးနှုန်းမှာလည်း ထပ်မံမြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent