(၁)
ဘုရားသားတော် ရှင်ရဟန်းဟူသရွေ့ ဝါဆိုဝါကပ်မည့်နေ့သို့ ရောက်တိုင်း မဖြစ်မနေ နှုတ်မြွက်သရဇ္ဈာယ်ရသည့် ပါဠိဝေါဟာရ တစ်ခုက ‘‘ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံဥပေမိ’’ ဆိုသော ပါဠိစာကြောင်းဖြစ်သည်။ ‘‘ဤကျောင်းတိုက်၌ ဤဝါတွင်းသုံးလ ပတ်လုံးဝါဆိုဝါကပ်ပါ၏’’ ဟု အဓိပ္ပာယ်ရပါသည်။
သာမဏေပေါက်စဘဝဖြင့် ဇာတိရွာ၌ နှစ်ဝါဆိုခဲ့စဉ်က ဆရာဘုန်းကြီးနှင့် မိမိနှစ်ပါး တည်းသာရှိသည်။ ရွာမှာတုန်းကတော့ ဝါဆို တဲ့ ပါဠိကိုဘုန်းကြီးကချပေး၊ ကိုယ်ကလိုက်ဆို ကာမျှသာ။ နောက်ပြီး ဒီဆရာတပည့်နှစ်ပါး ဝါဆိုဝါကပ်သည့်ကိစ္စကို ဘယ်သူကမှလည်း ရေးကြီးခွင်ကျယ်လာမလုပ်ကြ။ ဘုရားစင်ရှေ့ ကလသာမှန်အိမ်လေးအောက်မှာ တိုးတိုး တိတ်တိတ်ပဲ ‘ဣမသ္မိံ ဝိဟာရေ’ လိုက် ကြသည်။ စစ်ကိုင်းတောင်ကို ရောက်သွား တော့ ဝါဆိုဝါကပ်ကြမည့် ရှင်ရဟန်းတွေက များပြားလှသည့်အထဲ မြင်လိုက်ရသောမြင် ကွင်းကလည်း ကြီးကျယ်ခမ်းနားလှပေ၏ဟု စိတ်ကထင်သည်။ ဝါဆိုဝါကပ်သည့် ကိစ္စဆိုတာ ဒီလိုဒီလို တခမ်းတနားပါလား ဆိုသည်ကိုလည်း မျက်ဝါးထင်ထင် တွေ့လိုက်ရသည်မို့ ကလေးပီပီ တအံ့တသြ ဖြစ်ခဲ့ရဖူးသည်ကို မမေ့။
(၂)
မိမိငယ်စဉ်က၊ စစ်ကိုင်းတောင်ရိုး၏ အလယ်ဗဟိုလောက်၌တည်သော ချောင်ကြီး တစ်ချောင်၌ နေထိုင်ခဲ့ရသည်။ မိမိ၏ ဥပဇ္ဈာယ်ဆရာတော်ကြီးက ထိုချောင်၌ သီတင်းသုံးသည်။ ဆရာတော်ကြီး ခြေတော်ရင်း၌ ရဟန်းငယ် သာမဏေငယ်နှစ်ပါးသုံးပါး သီတင်သုံးသည်။ သီလရှင်ဇရပ်များ၌ သီလ ရှင်အများနှင့် ယောဂီအချို့နေထိုင်ကြသည်။
ဝါဆိုဝါကပ်မည့်နေ့၌ အဖျော်ယမကာ ကုသိုလ်ပြုသူများ၊ ဝါဆိုဦးနေ့မို့ ဟိုကသည် ကရောက်လာကြသည့် အဝေးအနီးကုသိုလ် ရှင်များဖြင့် စည်စည်ကားကားရှိလှသည်။ နှစ်ဆောင်ပြိုင် ကျောင်းကြီးအရှေ့ဘက် ဆောင်အပေါ်ထပ်၌ ဝါဆိုဝါကပ်အခမ်းအ နားအတွက် ပြင်ဆင်ထားသည်။ ထူးထူးခြား ခြားတော့မဟုတ်၊ ကိုယ့်နေရာထိုင် ကိုယ်ခင်းပြီး စီတန်းထိုင်နေကြရခြင်းသာဖြစ်ပါ၏။ ဒကာဒကာမတို့ လှူထားသော ဝါဆိုပန်းများကို တန်းစီထိုင်နေသော သံဃာတော်များ၏ရှေ့ရှိ ပန်းအိုးတွေထဲ စိုက်ထားသည်။
မိမိတို့က ကိုရင်ပေါက်စတွေဖြစ်ရကား သံဃာတန်း၏ နောက်ဆုံး၌နေရသည်။ မိမိနောက်၌ မိမိထက်ငယ်သော ညီဝမ်းကွဲတစ်ပါးသာ ရှိတော့သည်။ ထိုအခမ်းအနား၌ ဦးစွာ ပထမဆရာတော်ကြီးကို ကန်တော့ခြင်းဖြင့် စတင်သည်။ ဆရာတော်က ဆုပေးပြီးနောက် သံဃာအားလုံးက ပရိတ်မေတ္တာဘာဝနာ ရွတ်ပွားကြသည်။ ထို့နောက် ဆရာတော်ကြီး အမှူးပြုသော ချောင်ထဲ၌ဝါဆိုဝါကပ်မည့် ရဟန်းသာမဏေတို့က ‘‘ဣမသ္မိံ ဝိဟာရေ’’ စသော ဝါဆိုဝါကပ်ပါဠိကို သရဇ္ဈာယ်ကြ သည်။ ဝါဆိုဝါကပ်ပါဠိကို သရဇ္ဈာယ်ပြီးချိန်၌ သီလရှင်အဖွဲ့က ရှေးဆရာတော်အစဉ်အဆက် သင်ကြားပေးထားသည့် ကမ္မဋ္ဌာန်းစာ များကိုရွတ်ဆိုကြသည်။ တောကတန်းတက် လာသော ကိုရင်ပေါက်စလေး၏စိတ်၌ မြင်သမျှ ကြားသမျှ အရာရာတိုင်းက အထူးအဆန်း အံ့မခန်းတွေချည်းဖြစ်ပြီး ကြက်သီးတွေ ဘာတွေတောင် ထယူရသည်။
ထိုအခမ်းအနားကြီးပြီးတော့ သံဃာများအားလုံး မိမိတို့ဝါဆိုမည့်ကျောင်းသို့ ပြန်ကြွကြသည်။ မိမိတို့ ကိုရင်လေးနှစ်ပါးက နောင်တော်ဖြစ်သူ ဆရာဦးဇင်းနှင့်အတူ ဘုရားအနောက်ဘက်၌ ကပ်လျက်သားတည် ဆောက်ထားသော သစ်သားကျောင်ကလေး၌ ဝါဆိုကြရမည်ဖြစ်ပါ၏။ ထိုညသည် စစ်ကိုင်းတောင်၌ ပထမဆုံး ဝါကပ်သည့်ညလည်း ဖြစ်သည်။ ဘုရားစင်ရှေ့၌ ဖယောင်းတိုင်သုံးတိုင် ထွန်းညှိထားသည်။ ဘယ်ညာပန်းအိုးနှစ်လုံး၌လည်း ဝါဆိုပန်းများအပြည့်။ ဆရာက ရှေ့က၊ မိမိတို့နှစ်ပါးက နောက်က၊ တြိဂံပုံမျိုး နေရာယူထားကြသည်။ ညနေခင်းက မြင်ကွင်းနှင့် စာသော်အတော်လေး အထီးကျန်ပြီး ခြောက်တိခြောက်ကပ် နိုင်လှ၏ဟု ထင်သည်။
ဆရာဦးဇင်းက ဤကျောင်းတိုက်၏ အာရာမ်သတ်မှတ်ချက်ကို ပြောပြသည်။
‘‘အရှေ့ဘက်ကို ခေါင်းလောင်းကြီး၊ ကျန်တဲ့ဘက်တွေကတော့ ကျောင်းအစွန်းအဖျားနေ ရာတွေအထိကို ကျောင်းဥပစာလို့ သတ်မှတ် မယ်။ အရုဏ်မတက်ခင်၊ ခေါင်းလောင်းကြီး ကျော်ပြီး ဘုရားထဲမသွားကြနဲ့၊ ကျောင်းအ စွန်းနယ်မြေရဲ့အပြင်ဘက်ကို လည်းမသွား ကြနဲ့၊ အရုဏ်မတက်ခင် ကျောင်းဥပစာ အပြင်ဘက်ကို ထွက်ရင် ဝါပျက်ဝါကျိုးတယ်’’ ဟု မှာတမ်းပြုသည်။ ထိုအခါ ကိုရင်လေးနှစ် ပါးက တစ်ပါးကိုတစ်ပါးကြည့်ပြီး မျက်စပစ် ကြသည်။ ‘‘အတော်ကြီးကျယ်တဲ့ ကိစ္စပါလားဟေ့’’ ဟု အဓိပ္ပာယ်ရမည်ထင်ပါ၏။ ခေါင်းလောင်းကြီးကိုကျော်ပြီး ဘုရားထဲ ရောက်ချင်ရောက်သွား နိုင်သော်လည်း အနောက်ဘက်၊ မြောက်ဘက်ရှိ ကျောင်းအစွန်းနယ် မြေကိုတော့ ဘယ်နည်းနှင့်မျှ ကျော်သွားစရာ အကြောင်းမရှိပါ။ အကြောင်းကား ဟိုဘက် ကိုကျော်လျှင် ချောက်ထဲထိုးကျသွားဖို့သာ ရှိသောကြောင့် ဖြစ်ပါသည်။
(၃)
ဝါဆိုဝါကပ်ဥပဒေသကို သီးခြားမထုတ် ပြန်မီကာလက ဘုရားသားတော်ရဟန်းတော် များအနေဖြင့် နွေမိုးဆောင်း ဥတုသုံးပါးမရွေး ထိုထိုဤဤအရပ်ဒေသတို့သို့ ဒေသစာရီ လှည့်လည်ကြခြင်း အလေ့ရှိခဲ့သည်။ မိုးဦး ကျကာလတို့၌ သြကာသလောက တစ်ခုလုံး စိမ်းလန်းသောမြက်ပင်တို့ဖြင့် အသရေတင့်ခဲ့ ကုန်၏။ ထိုထိုဤဤအရပ်တို့သို့ဖြတ်သန်းသွားလာကုန်သော ရဟန်းတော်တို့သည် လယ်သမားတို့၏ စိုက်ခင်းထဲမှအပင်ပေါက် ကလေးများကို နင်းခြေမိခဲ့ခြင်းမျိုးလည်း ရှိခဲ့ပါလိမ့်မည်။
ထိုအဖြစ်သနစ်ကို အကြောင်းခံ၍ လူတို့ကရဟန်းတို့အား အပြစ်ဖွဲ့စကား ဆိုကုန်၏။ ‘‘ဘုရားသားတော် ရဟန်းတော်တို့သည် မိုးဦးကျ၌ ပေါက်ရောက်သော စိမ်းလန်းသော သစ်ပင်မြက်ပင်တို့ကို နင်းချေလျက် ဖြတ်သန်းသွားလာကုန်၏။ အကောင်ပ လောင် အငယ်စားကလေးများကိုလည်း ကြိတ်ချေဖိနင်းလျက် ဖြတ်သန်းသွားလာ ကုန်၏။ မိုးတွင်းကာလသို့ရောက်လျှင် တိတ္ထိ တို့သော်မှလည်း တစ်နေရာတည်း၌ ခိုအောင်းနေထိုင်ခြင်း အလေ့ရှိကုန်၏။ ငှက်ကလေးတို့ သော်မှလည်း သစ်ပင်ထက်၌အသိုက်ဖွဲ့ကာ မိုးခိုခြင်းအလေ့ရှိကုန်၏။ဘုရားသားတော် ရဟန်းတော်တို့သည်ကား ရာသီမရွေးလှည့်လည် သွားလာကုန်၏ တကား’’
ထိုစဉ်က၊ ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန် ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူခိုက်ဖြစ်သည်။ ဘုရားသားတော် ရဟန်းတော်တို့သည် လူပုဂ္ဂိုလ်တို့က မိမိတို့အား အပြစ်ဖွဲ့စကား ဆိုကြသည့်အဖြစ်ကို ဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ ထိုအခါ မြတ်စွာဘုရားက ‘‘ချစ်သားရဟန်းတို့၊ တစ်နေရာတည်း၌ မိုးလတို့ပတ်လုံး နေထိုင်ခြင်းကို ငါဘုရားခွင့်ပြုတော်မူ၏’’ ဟု ဥပဒေသ ထုတ်ပြန်တော်မူခဲ့သည်။
ထိုကာလမှစ၍ နှစ်စဉ် ဝါဆိုလပြည့် ကျော် (၁) ရက်နေ့ရောက်တိုင်း ‘‘ဣမသ္မိံ ဝိဟာရေ’’ စသောပါဠိကို နှုတ်မြွက်ရွတ်ဆိုကာ ဝါဆိုဝါကပ်ခြင်းအလေ့ စတင်ပေါ်ပေါက် လာရခြင်းဖြစ်သည်။
(၄)
ရဟန်းတော်များ ဝါဆိုသည့်ကိစ္စနှင့် စပ်လျဉ်း၍ ပထမဝါကပ်သူနှင့် ဒုတိယဝါ ကပ်သူဟု နှစ်မျိုးနှစ်စားကွဲပြားမှု ရှိသည်။ ထုံးစံအတိုင်း၊ ဝါဆိုလပြည့်ကျော် (၁) ရက် နေ့၌ ဝါဆိုဝါကပ်သော ရှင်ရဟန်းတို့ကို ‘‘ပုရိမဝါသို့ ကပ်ရောက်သူများ’’ ဟုခေါ်၍၊ အ ကြောင်းမညီညွတ်၍ ဝါခေါင်လပြည့်ကျော် (၁) ရက်နေ့ရောက်မှ ဝါဆိုဝါကပ်သူ ရှင်ရဟန်းတို့ကို ‘‘ပစ္ဆိမဝါသို့ကပ်ရောက်သူများ’’ ဟု ခေါ်သည်။ (ပထမဝါ၊ ဒုတိယဝါဟုလည်း ခွဲခြားနိုင်ပါသည်)။
ပုရိမဝါတွင်း၌ဖြစ်စေ၊ ပစ္ဆိမဝါတွင်း ၌ဖြစ်စေ၊ မသွားမဖြစ်ကိစ္စမျိုးမှအပ အရပ်တစ်ပါးသို့ သွားလာခြင်းမျိုးကို ဘုရားမြတ် စွာခွင့်ပြုတော်မမူခဲ့။ ရတနာသုံးပါး၊ မိဘ, ဆရာတို့နှင့်စပ်၍ အကြောင်းကြီးငယ် ပေါ်လာလျှင်ကား ဝါပန်၍ သွားကောင်း၏ဟု ခွင့်ပြုချက်ရှိသည်။ ‘ဝါပန်ခြင်း’ဟူသည် (၇) ရက်အတွင်းပြန်လာပါမည်ဟူသော နှလုံး သွင်းဖြင့် ထိုခရီးကိုထွက်ခွာခြင်းဟု အဓိပ္ပာယ် ရပါသည်။ ဗုဒ္ဓရုပ်ပွားတော်ရှေ့မှောက်၌ ‘‘အန္တော သတ္တာဟေ ပတိနိဝတ္တိဿာမိ’’ (ခုနစ်ရက်အတွင်း ပြန်လာပါမည်ဘုရား) ပါဠိကိုရွတ်ဖတ်ကြသည် မျိုးလည်းရှိ၏။ ထိုပါဠိကို ရွတ်ဆိုခြင်းနှင့်စပ်၍ ‘ကျမ်းဂန်၌ကား မလာ ချေ’ ဟု ဘာသာဋီကာဆရာတော်က မှတ်ချက်ပြုခဲ့သည်။
ကိုရင်ပေါက်စဘဝဖြင့် ရွာ၌နေခဲ့စဉ်က ဘုန်းကြီးကိုယ်စားအဖြစ် ကျောက်ပနံဘုရားပွဲကို လိုက်သွားရဖူးသည်။ ဝါတွင်းကြီး၌ လှည်းဖြင့် ညအိပ်သွားရမည့် ခရီးဖြစ်သည်။ အနောက်ကျောင်းက ကိုရင်ကြီးတစ်ပါးလည်း ပါသည်။ ကိုရင်ဘိုမျှင်တဲ့။ သူက ကိုရင်ကြီး လည်းဖြစ်သည်မို့ အစစအရာရာ သူ့ကိုဆရာ တင်ရသည်။ ခရီးထွက်ဖို့ ပြင်ဆင်နေချိန်၌ ကျောင်းကိုသူရောက်လာသည်။ ဘုရားပွဲကရ လာမည့် ငှက်ပျောသီး၊ အုန်းသီးနှင့် မုန့်ဆီ ကြော် စသည်တို့ကိုထည့်ရန် ထန်းခေါက် တောင်းကြီးယူပြီး ဆင်းလာသူမိမိကို ‘‘မင်း၊ ဝါပန်ပြီးပြီလား’’ ဟု သူကမေးသည်။ မိမိက သူ့အမေးကို နားမလည်။ ‘‘ဘုရားရှိခိုး ပြီးပြီ။ ဘုန်းကြီးလည်းရှိခိုးပြီးပြီ’’ ဟု ဖြေလိုက်သည်။ ‘‘ဘုရားရှိခိုးတာကိုပြောတာ မဟုတ်ဘူး၊ ဝါပန်တာကိုပြောတာ၊ ဝါမပန်ရင်၊ မင်းဝါကျိုးမှာပေါ့’’ ဆိုတော့ အတော်လေး လန့်သွားမိသည်။ သူက ‘‘အန္တော သတ္တာဟေ’’ စသောပါဠိကို မိမိအား နှုတ်တိုက်ချပေးသည်။ သူ့ဆီမှ သင်ယူတတ်မြောက်သော ထိုဝါပန်ပါဠိကို ဘုရားရှေ့ ဆောင့်ကြောင့်ထိုင်ပြီး (၃) ခေါက်တိတိ ရွတ်ဆိုလိုက်မှ စိတ်ထဲပေါ့သွားသည်။ ထိုစဉ်ကများဆို ကိုရင်ကြီးကို ကျေးဇူးတင်၍မဆုံး။
(၅)
မြတ်စွာဘုရားရှင် လက်ထက်တော် ကာလက ခြောက်ပါးအစုအဖွဲ့ရှိသော ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝါဆိုဝါကပ်ပြီးသည့် တိုင်အောင်လည်း ထိုထိုဤဤ အရပ်တစ်ပါးသို့ လှည့်လည်သွားလာကုန်၏။ ထိုမျှသာမကသေး၊ ဝါဆိုဝါကပ် မပြုလိုပါကုန်ဟုလည်း ဆန္ဒထုတ်ဖော်ခဲ့ကုန်၏။ ‘‘ဒုက္ကဋ်အာပတ်သင့်စေ’’ ဟု ဥပဒေထုတ်ပြန်ကာ ထိုဝါဒကို ဘုရားက တားမြစ်တော်မူခဲ့ရဖူးသည်။
မြတ်စွာဘုရားရှင်၏ ဥပဒေသတော်၌ ကျောင်းတို့၌သာမက၊ လှေ၊ လှည်း၊ နွား ကျောင်းသားတို့၏တဲ စသည်တို့၌ ဝါဆိုဝါကပ် ခွင့်ပြုတော်မူထားသည်ကို တွေ့ရသည်။ သို့သော်၊ သစ်ခေါင်း၊ သစ်ပင်ခွကြား၊ လွင်တီးခေါင်၊ သူသေကောင်ဖုတ်ရာအိမ်၊ ထီးနှင့် အိုးစရည်းတို့၌ ဝါဆိုဝါကပ်ခြင်းကိုကား ခွင့်ပြုတော်မမူခဲ့။ (ဘုရားမြတ်စွာ လက်ထက်တော်က ထိုအဖြစ်မျိုး ရှိခဲ့သောကြောင့် ထိုဥပဒေသ ပေါ်လာရခြင်းဖြစ်သည်။) ထိုမှတစ်ပါး၊ သူခိုးဓားပြဘေး၊ သားရဲတိရစ္ဆာန်ဘေး၊ ရေဘေး၊ မီးဘေးစသည်တို့ကြောင့် ဝါဆိုဝါကပ်ရာ အရပ်ကို စွန့်ခွာခဲ့ရသဖြင့် ဝါကျိုးပြတ်သော ရဟန်းတို့အား ‘‘အပြစ်မရှိစေရ’’ ဟု လည်း ခွင့်ပြုချက် ပေးတော်မူခဲ့သည်။
အခါတစ်ပါး၌ အရှင်ဥပနန္ဒအား ပသေနဒီကောသလမင်းက ဝါဆိုကျောင်း တစ်ကျောင်းကို လှူဒါန်းခဲ့သည်။ ထိုကျောင်းသို့ သွားရာလမ်းခရီး၌ သင်္ကန်းစသော လာဘ်လာဘ ပေါများရာသော ကျောင်းနှစ်ကျောင်းကို ထိုအရှင်တွေ့လတ်သော် ကောသလမင်း၏ ဝါဆိုကျောင်းကို ငြင်းပယ်၍ ကျောင်းအသစ်နှစ်လုံးကို လက်ခံလိုက်သည်။ ထို့နောက်၊ ထိုနှစ်ကျောင်းစလုံး၌ ဝါဆိုဝါကပ်ပြုခဲ့လေသည်။ မိမိလှူသည့်ကျောင်း၌ ‘‘ဝါဆိုပါမည်’’ ဆိုထားပြီးကာမှ ငြင်းပယ်ခဲ့သူ အရှင်ဥပနန္ဒအား ကောသလမင်းက မုသာဝါဒဖြင့် စွပ်စွဲလေ၏။
ထိုအဖြစ်ကို ဘုရားရှင်သိတော်မူလတ်သော် ထိုရဟန်းအား ကဲ့ရဲ့ပြစ်တင်တော်မူ၍ ကျောင်းနှစ်ကျောင်း၌ တစ်ပြိုင်နက် ဝါဆိုဝါကပ်၍ မရနိုင်ကြောင်း ဥပဒေသ ထုတ်ပြန်တော်မူခဲ့သည်။
ကျမ်းကိုး-
ဝိနည်းမဟာဝါ (ဝဿူပနာယိကက္ခန္ဓက)
ပါတိမောက်ဘာသာဋီကာ၊ (အရှင်ဇန ကာဘိဝံသ)










