ရာသီဥတု ဆိုးရွားချိန်များ၌ ရန်ကုန်လေဆိပ်တွင် လေယာဉ်များ ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ရန် လေယာဉ်ကွင်းအား ယာယီပိတ်ထားရန် စီစဉ်ထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိပါသည်။ယခုရက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း စသည့် ပုံမှန်မဟုတ်သည့် ရာသီဥတု ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်။ သို့ဖြစ်၍ ယင်းအချိန်များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ယာယီပိတ်ထားပြီး၊ ရာသီဥတု ကောင်းမွန်ချိန်မှသာ လေယာဉ်ကွင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။“ရန်ကုန်လေဆိပ်မှာ ရာသီဥတု အခြေအနေက လေယာဉ်တွေ ဆင်းသက်ဖို့အတွက် အခက်အခဲ ရှိတယ်။ အန္တရာယ် ဖြစ်နိုင်မယ်ဆိုရင် လေယာဉ်ကွင်းကို ယာယီပိတ်ထားလိုက် ပါတယ်။ လေယာဉ်ဆင်းသက်မှုကို အန္တရာယ် မပေးနိုင်တဲ့ အခြေနေမျိုးကျမှသာ ကွင်းကို ပြန်လည်ဖွင့်လှစ်ပြီး လေယာဉ်တွေ ဆင်းသက်စေပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူက ပြောကြားသည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရာသီဥတု ဆိုးရွားမှုကြောင့် ဇူလိုင် ၂၀ ရက်က ၂၂ မိနစ်ကြာ၊ ဇူလိုင် ၂၄ ရက်က မန္တလေးမှ ရန်ကုန်သို့ ပျံသန်းလာသော Air Bagan လေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် W9-424 လေယာဉ်သည် ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရန်ကုန်လေဆိပ်အား ၂ နာရီနှင့် ၅၀ မိနစ်ကြာ ယာယီ ပိတ်ထားခဲ့ရသည်။ ဇူလိုင် ၂၇ ရက်က လေဆိပ်အား မွန်းလွဲ ၂ နာရီ ၅၀ မိနစ်မှ ၃ နာရီ ၈ မိနစ်အထိ ရပ်ဆိုင်းခဲ့သဖြင့် ဘင်္ဂလားဒေရှ့် လေကြောင်းလိုင်းမှ လေးနာရီနီးပါးခန့်၊ တရုတ်လေကြောင်းမှာ နှစ်နာရီခန့် ပုံမှန်ဆိုက်ရောက်ချိန်များထက် နောက်ကျ၍ ဆင်းသက်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ရာသီဥတု ဆိုးရွားချိန်များတွင် ရန်ကုန်လေဆိပ်၌ လေယာဉ်များ ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ရန် လေယာဉ်ကွင်းအား ယာယီပိတ်ရန် စီစဉ်ထားဟုဆို









