ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇူလိုင် ၂၈ ရက်၌ ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်မည့် သူများအား စီမံကိန်း တည်ဆောက်မည့် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် စီမံကိန်းအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲအား ဖျက်သိမ်းလိုက်ကြောင်း သိရသည်။“ကျွန်တော်တို့ မနေ့က ဦးခင်မောင်အေးနဲ့ တွေ့တဲ့အချိန်က ည ၁၁ နာရီ ထိုးပြီဆိုတော့ ညဉ့်နက်နေပြီ။ သူတို့ဘက်က ထောက်ခံပွဲ သုံးပွဲလုပ်မယ်လို့ သိရတယ်။ ဒီနေ့လုပ်မယ့် ထောက်ခံပွဲကိုတော့ တားဆီးလို့ မရတော့ဘူး။ စီစဉ်ပြီးပြီ ဖြစ်တဲ့အတွက် လုပ်မယ်ပေါ့။ ကျန်တဲ့ နှစ်ပွဲကိုတော့ ဦးခင်မောင်အေးက ဖျက်လိုက်ပြီလို့ ပြောတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ရဲ့ ဆန္ဒပြပွဲ တစ်ပွဲကို ဖျက်လိုက်ပြီ” ဟု စီမံကိန်းအား ကန့်ကွက်ကြောင်း ဦးဆောင်ဆန္ဒပြမည့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဗဟိုအလုပ်အမှုဆောင်) ဦးကျော်စိုးမိုးက ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ပြောကြားသည်။စီမံကိန်းအား ကန့်ကွက်သည့် ဆန္ဒပြပွဲ ခွင့်ပြုမိန့်အား တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ဇူလိုင် ၂၆ ရက်တွင် ငြိမ်းစုစီ ဥပဒေဖြင့် တရားဝင်ခွင့်ပြုမိန့် ရရှိပြီးမှ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ ကုမ္ပဏီမှ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်း ထောက်ခံပွဲအား တောင်ငူမြို့ မိုင်ဒါအားကစားကွင်းအတွင်း ပြုလုပ်ခဲ့ပြီး ထောက်ခံပွဲသို့ တက်ရောက်သူများအား ရေသန့်ဘူး၊ အချိုရည်နှင့် မုန့်များ ဝေငှခဲ့ကြောင်း သိရသည်။“ရပ်ကွက်က လူကြီးတွေက ကျွန်မတို့ကို လာပြောတယ်။ ဒီထောက်ခံပွဲကိုသွားရင် အလုပ်အကိုင်တွေလည်း ရနိုင်တယ်ဆိုလို့ လာတာ။ တခြား ဘာမှတော့ မပြောပါဘူး။ ရေသန့်ဘူးတွေ၊ မုန့်တွေတော့ လူတိုင်းကို ဝေတယ်။ မိုးကလည်း ရွာနေတော့ လူတောင် သိပ်မရှိပါဘူး” ဟု တောင်ငူမြို့ (၂၂) ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။“သူတို့ ဒီနေ့လုပ်တဲ့ ထောက်ခံပွဲကို လာတဲ့လူတွေကလည်း တကယ်တမ်း ပြောရမယ်ဆိုရင် ဦးခင်မောင်အေးနဲ့ မကင်းရာမကင်းကြောင်း လက်ဝေခံတွေပဲ။ စက်မှုဇုန် စီမံကိန်းလုပ်မယ့် မြေဧရိယာထဲမှာ အမှန်တကယ် နေထိုင်ပြီး ချွေးတဒီးဒီးကျ လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေက အိမ်ထဲကတောင် အပြင်မထွက်ကြပါဘူး” ဟု ဦးကျော်စိုးမိုးက ပြောကြားသည်။၂၀၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်ကလည်း တောင်ငူမြို့တွင် စက်မှုဥယျာဉ်မြို့တော် တည်ဆောက်မည့် စီမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံတောင်သူ အင်အား ၄၀၀ ခန့်ဖြင့် ဆန္ဒပြခဲ့ပြီး အဆိုပါ ဆန္ဒပြပွဲအား တန်ပြန်ထောက်ခံပွဲအား ယင်းနေ့တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။လာမည့် ဇူလိုင် ၂၈ ရက်တွင် စက်မှုဥယျာဉ်မြို့တော် တည်ဆောက်မည့် စီမံကိန်းအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲအား ဒုတိယအကြိမ် ထပ်မံပြုလုပ်ရန် ခွင့်ပြုမိန့်ရထားပြီးနောက် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆန္ဒပြပွဲ ဦးဆောင်သူများအား ဇူလိုင် ၂၆ ရက် ညတွင် ခေါ်ယူတွေ့ဆုံခဲ့ရာ နှစ်ဦးနှစ်ဖက် သဘောတူ ညှိနှိုင်းခဲ့ရာမှ ဒုတိယအကြိမ် ဆန္ဒပြပွဲအား ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“စက်မှုဇုန်နဲ့ ပတ်သက်ပြီး သူပြောတာက ဦးကျော်စိုးမိုးတို့ တောင်သူလယ်သမား ပါတီက သဘောမတူဘူးဆိုရင် တစ်မြို့လုံးက သဘောတူနေပါစေ စက်မှုဇုန် စီမံကိန်းကို ဖျက်သိမ်းပေးမယ်ဆိုပြီး သူပြောတယ်။ အဲဒီအချိန်မှာ ကျွန်တော်က အဖြေမပေးခဲ့ဘူး။ တစ်ဦးတစ်ယောက်တည်းက ပြောတယ်ဆိုတဲ့ အကြောင်းပြချက်ကို ယူပြီးတော့ သူပေးထားတဲ့ ကတိကို ဖျက်မှာစိုးလို့ ကျွန်တော်က ဒေသခံ တောင်သူလယ်သမားများရဲ့ ဆန္ဒကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပေးမယ်။ ဖော်ထုတ်ပေးပြီးတော့မှ လယ်သမားများရဲ့ ဆန္ဒနဲ့အညီ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး သဘောတူရင် တူတယ်၊ သဘောမတူရင် မတူဘူးဆိုတာ အကြောင်းပြန်မယ်။ ဦးခင်မောင်အေးကတော့ သဘောမတူရင် ဖျက်သိမ်းပေးမယ်လို့ ပြောထားတယ်။ သူပေးထားတဲ့ ကတိ၊ သူပြောထားတဲ့ အရာကို တည်မယ်လို့ ယုံတယ်။ ဘာလို့လဲဆိုတော့ သူက လူကြီးလူကောင်းကိုး။ အဲဒီတော့ လူကြီးလူကောင်းဆိုတာ ဂုဏ်သိက္ခာ ရှိရတယ်။ မိမိ နှုတ်ထွက်စကားကို တန်ဖိုးထားရတယ်။ ဦးခင်မောင်အေး ဆိုတာလည်း အများသိတဲ့အတိုင်း စီဘီဘဏ်ရဲ့ ဥက္ကဋ္ဌ၊ လူကြီးတစ်ယောက်အနေနဲ့ မိမိစကားကို မိမိတန်ဖိုးမထားရင် မိမိဟာ တန်ဖိုးမရှိတဲ့သူပဲ ဖြစ်မှာပဲလေ။ ဘယ်သူကမှ တန်ဖိုးထားလာမှာ မဟုတ်ဘူး” ဟု စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး ဆန္ဒပြပွဲအား ဖျက်သိမ်းခဲ့သည့် ဦးကျော်စိုးမိုးက ဆက်လက်ပြောကြားသည်။
တောင်ငူမြို့တွင် စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲဦးဆောင်မည့် သူများအား CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ခေါ်ယူတွေ့ဆုံပြီးနောက် စီမံကိန်းကန့်ကွက်သည့် ဆန္ဒပြပွဲ ဖျက်သိမ်း









