ရခိုင်နှင့် တနင်္သာရီတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု

ရခိုင်နှင့် တနင်္သာရီတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု
Published 23 July 2015
မင်းသီဟဇော်

ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန်အတွက် နိုင်ငံသားရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီနှစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၇ ရက်ကပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး (၁၃/၂၀၁၅) တွင် TZK Co.,Ltd နှင့် Inn Pauk Wa Co.,Ltd တို့အား တနင်္သာရီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TZK Co.,Ltd သည် တနင်္သာရီတိုင်း ဒေသကြီးရှိ တနင်္သာရီတိုင်း ဒေသကြီးအစိုးရ အဖွဲ့ပိုင် ကော့သောင်းမြို့နယ် ဇာဒက်ကြီး ကျေးရွာအုပ်စုတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပြီး Inn Pauk Wa Co.,Ltd သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်တွင် လုပ်ငန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စိစစ်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အပါအဝင်  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခုကို  ခွင့်ပြုမိန့်ပေးခဲ့ကြောင်း သိရသည်။
ဇွန်လကုန်အထိ နိုင်ငံတစ်ဝန်း ဖွင့်လှစ်ခွင့်ပြုထားသည့် ဟိုတယ်/တည်းခိုခန်း ၁၂၀၀ ကျော်နှင့်အခန်းပေါင်း ၄၇၀၀၀ ကျော်ထိရှိ လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။
ဇွန်လကုန်အထိ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုပေးထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် အရေအတွက်မှာ မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ် ၁၂၀၃ လုံး၊ အခန်းပေါင်း ၄၇၁၄၁ ရှိကြောင်း သိရသည်။
ဒေသအလိုက် ဖွင့်လှစ်ထားသည့် ဟို တယ်/တည်းခိုရိပ်သာနှင့် အခန်းအရေအတွက်မှာ နေပြည်တော်တွင် ၆၀ လုံး (၄၉၉၄ ခန်း)၊ ရန်ကုန်တွင် ၃၀၉ လုံး (၁၄၄၇၁ခန်း)၊ မန္တလေးတွင် ၁၅၆ လုံး (၆၃၄၅ ခန်း)၊ ပုဂံ/ ညောင်ဦးတွင် ၇၇ လုံး (၂၄၈၄ ခန်း)၊ တောင် ကြီး/အင်းလေးတွင် ၉၈ လုံး (၂၉၆၉ ခန်း)ဖြင့် အများဆုံးရှိပြီး ကျန်ဒေသများတွင်လည်း ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးထားကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်များကိုလည်း ထုတ်ပေးနေပြီး ဇွန်လကုန်အထိ အဆိုပါ လိုင်စင် ၁၇၅၈ ခုကို ထုတ်ပေးထားပြီး ဖြစ်ကြောင်းနှင့် ယင်းသို့ထုတ်ပေးရာတွင် နိုင်ငံခြားသား ကုမ္ပဏီ၊ နိုင်ငံခြားသားနှင့် နိုင်ငံသားပိုင်ကုမ္ပဏီ၊ နိုင်ငံသားပိုင် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် ဇွန်လကုန်အထိ ပို့ဆောင်ရေးလုပ်ငန်း လိုင်စင် ၃၉၈ ခု၊ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၄၀၀၇ ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လိုင်စင် ၁၂၉၁ ခုကို ခွင့်ပြုပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာစေရန် မြန်မာ့ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းကိုလည်း ရေးဆွဲပြီးဖြစ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။                       
 

Most Read

Most Recent