ဇူလိုင် ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ်ဖြစ်သည့် ရခိုင်အသင်းနှင့် နေပြည်တော်အသင်းတို့ပွဲတွင် ပထမပိုင်းပြီးခါနီး၌ နေပြည်တော်နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ကွင်းအတွင်းမှ မထွက်ခွာမှုကြောင့် ပွဲကိုခေတ္တရပ်နားထားစဉ် အရန်ဒိုင်ထံ ဖုန်းညွှန်ကြားမှု ရောက်ရှိလာပြီးနောက် ပွဲကို ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပွဲတာဝန်ယူဆောင်ရွက်နေသည့် ဒိုင်လူကြီးများနှင့် ဖုန်းဖြင့်ညွှန်ကြားခြင်းမှာ ဘောလုံးဥပဒေ စည်းမျဉ်းကို ချိုးဖောက်ရာ ကျနေပြီး နိုင်ငံတကာတွင်လည်း ယင်းကဲ့သို့ ပြုမူခြင်း မရှိသောကြောင့် မြန်မာဘောလုံး အသိုင်းအဝိုင်းမှ ဝေဖန်လျက်ရှိသည်။ယင်းပွဲတွင် ပထမပိုင်းပြီးခါနီး၌ နေပြည်တော်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကို ကွင်းလယ်ဒိုင် ဦးတင်နိုင်ထွေးက ကွင်းအတွင်းမှထွက်ရန် ညွှန်ကြားခဲ့သော်လည်း ဦးမျိုးလှိုင်ဝင်းက ကွင်းအတွင်းမှ ထွက်ခွာခဲ့ခြင်း မရှိပေ။ ယင်းအတွက်ကြောင့် ပွဲကို ရပ်နားထားခဲ့ရပြီး မိနစ်အနည်းငယ်ကြာမှ ပြိုင်ပွဲကြီးကြပ်သူ ဦးကျော်ကျော် ရောက်ရှိလာကာ ဦးမျိုးလှိုင်ဝင်းအား ကွင်းအတွင်းမှ ထွက်ခွာရန် ထပ်မံညွှန်ကြားသော်လည်း စောဒကတက်နေစဉ် အရန်ဒိုင်ထံ ဖုန်းညွှန်ကြားမှု ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အရန်ဒိုင်ထံ ဖုန်းမရှိသော်လည်း ပွဲတာဝန်ကျ MFF ဝန်ထမ်းတစ်ဦးထံ ဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းဖုန်းဝင်လာပြီး ခဏအကြာမှာပင် အရန်ဒိုင် ဦးသန့်ဇင်ဦးက ကွင်းလယ်ဒိုင်ထံ ပွဲပြန်လည်စတင်ရန် အချက်ပြခဲ့ခြင်းဖြစ်သည်။ နေပြည်တော်နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှာ ပထမပိုင်းပြီးသည်အထိ ကွင်းအတွင်းမှ ထွက်ခွာခြင်းမရှိဘဲ ဒုတိယပိုင်း အစမှသာ ကွင်းအတွင်းသို့ ဝင်ရောက်ခြင်း မရှိတော့ကြောင်း သိရသည်။ ယင်းပွဲတွင် ဆောင်ရွက်ခဲ့သည့် ကွင်းလယ်ဒိုင်မှာ အားနည်းချက်များ ရှိခဲ့ပြီး မိနစ် ၃၀ တွင် နေပြည်တော်နောက်ခံလူ ရဲဇော်ထက်အောင်အား အဝါကတ်အစား အနီကတ် မှားပြမိခဲ့သောကြောင့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ကာ အဝါပြသခဲ့ကြောင်း သိရသည်။
အရန်ဒိုင်အား ဖုန်းဖြင့်ညွှန်ကြားခံရအပြီး တွေ့ရစဉ်
“ဒီလိုမျိုး ကွင်းထဲမှာ ဆောင်ရွက်နေတဲ့ ဒိုင်လူကြီးတွေကို ဖုန်းနဲ့ညွှန်ကြားတာက လုံး၀ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီပွဲဟာ ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲ ဖြစ်ပါတယ်။ အခုလုပ်သွားတဲ့ လုပ်ရပ်က ရပ်ကွက်ပွဲ၊ လမ်းဘေးပွဲ အဆင့်လောက် ဖြစ်သွားပါတယ်။ MFF အနေနဲ့ ဒီလိုလုပ်ရပ်မျိုးကို ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ အရေးမယူဘဲ မျက်ကွယ်ပြုမယ် ဆိုရင်တော့ မြန်မာ့ဘောလုံး အနာဂတ်ဟာ ကျဆင်းသထက် ကျဆင်းဖို့ပဲ ရှိပါတယ်။ ကွင်းထဲမှာ ဒိုင်က ဘုရင်ပါပဲ။ သူ့ဆုံးဖြတ်ချက်မှားနေရင် ပွဲအပြီးမှာ အရေးယူလို့ ရပါတယ်။ ဒိုင်ကို ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါ၊ ပွဲကို ပြန်စပါဆိုပြီး ညွှန်ကြားလို့ မရပါဘူး။ ပိုဆိုးတာက ဖုန်းနဲ့ညွှန်ကြားတာပါ။ နိုင်ငံတကာမှာတောင် ဘယ်သူမှလုပ်လို့ မရပါဘူး” ဟု မြန်မာ့ဘောလုံးကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
ရခိုင်-နေပြည်တော်ပွဲ၌ ပွဲခေတ္တရပ်နားထားစဉ် ဖုန်းညွှန်ကြားမှုကြောင့် ပွဲကို ပြန်လည်စတင်ခဲ့ ယင်းလုပ်ရပ်အတွက် မြန်မာ့ဘောလုံး အသိုင်းအဝိုင်းမှ ဝိုင်းဝန်းဝေဖန်လျက်ရှိ









