ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် ရွာလုံးကျွတ် မဲစာရင်း မပါဝင်မှုများရှိနေ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် ရွာလုံးကျွတ် မဲစာရင်း မပါဝင်မှုများရှိနေ
Published 12 July 2015
အောင်ကျော်မျိုး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် ရွေးကောက်ပွဲဝင်မည်ဆိုသော အင်္ဂပူမြို့နယ်တွင် ရွာလုံးကျွတ် မဲစာရင်း မပါဝင်မှုများရှိနေပြီး မဲစာရင်းစိစစ်မှုတွင်လည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း အင်္ဂပူမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောကြားသည်။
“မဲစာရင်းနဲ့ပတ်သက်လို့ ရွာလုံးကျွတ် ပျောက်တဲ့ရွာတွေရှိတယ်။ ဥပမာဆိုရင် ညောင်ပင်ကြီးကွင်း ကျေးရွာအုပ်စုမှာ ဂုံမင်းကွင်းရွာနဲ့ အဲဒီအုပ်စုထဲက တစ်တီတူးကွင်းရွာတို့ ရွာလုံးကျွတ် ပျောက်နေတယ်။ ထူးကြီးမှာဆိုရင် အမှတ်(၁)ရပ်ကွက်က ကျောင်းလမ်း၊ ဘုရားလမ်းနဲ့ ပိတောက်လမ်း မဲစာရင်းမှာ ပျောက်နေတယ်။ ကွင်းကောက်မြောက် ကျေးရွာအုပ်စုမှာကျတော့ NLD ရုံးရှိတဲ့ ရှေ့ဆောင်လမ်းနဲ့ အောင်မင်္ဂလာရပ်ကွက်က မဲစာရင်းမှာမပါဘူး။ မဲစာရင်းစိစစ်မှုမှာ အခက်အခဲတွေ ကြုံနေရတယ်။  နောက်မီးကျေးရွာ အုပ်စုမှာဆိုရင် မဲစာရင်းစိစစ်တာကို အုပ်ချုပ်ရေးမှူးက စာထုတ်ပြီးတားတယ်။ ထူးကြီး၊ မဲဇလီကုန်းနဲ့ တချို့အုပ်စုတွေမှာကျတော့ NLD ကို သီးသန့်မဲစာရင်း စိစစ်ခွင့်မပေးဘူး။ NLD ပါတီ တစ်ယောက်၊ ကြံ့ခိုင်ရေးတစ်ယောက် သူတို့နဲ့တွဲလုပ်ရမယ် ဆိုတာမျိုး ရှိလာတယ်။ ရှမ်းဂေါင်းပြဲကျေးရွာ အုပ်စုမှာက ဓာတ်ပုံရိုက်တဲ့အခါ ကော်မရှင်အတွင်းရေးမှူးက “ဘာလဲကွ၊ မဲထည့်ချင်ထည့်၊ မထည့်ချင်နေ သူ့သဘော။ မင်းတို့ NLD တွေ လာမရှုပ်နဲ့ဆိုပြီး ပြောတယ်” ဟု အင်္ဂပူမြို့နယ် NLD  ဥက္ကဋ္ဌ ဦးကိုကိုမြင့်က ပြောကြားသည်။
အင်္ဂပူမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်ထံ ဆက်သွယ်မေးမြန်းရာတွင် မြို့နယ်၏ လမ်းညွှန်ချက်အပေါ်တိတိကျကျ ဆောင်ရွက်သည့် အုပ်စုများ ရှိသလို လိုက်နာမှု အားနည်းသည့် အုပ်စုများလည်း ရှိကြောင်း၊ ရွာလုံးကျွတ်၊ လမ်းလုံးကျွတ် မဲစာရင်းထဲ မပါဝင်မှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း၊ လက်ရှိကြေညာထားသော စာရင်းမှာအခြေခံ မဲဆန္ဒရှင် စာရင်းသာဖြစ်ပြီး ပြင်ဆင်ဖြည့်စွက် မှုများကို ထပ်မံစိစစ်ကာ ဆောင်ရွက်နေကြောင်း၊ မဲစာရင်းများကို မည်သူမဆို ခြုံငုံ၍ဖြစ်စေ၊ တစ်ရွက်ချင်းဖြစ်စေ ဓာတ်ပုံရိုက်ယူခွင့်ပြုသည်ကို ညွှန်ကြားထားသော်လည်း သဘောပေါက် နားလည်မှုလွဲခြင်းကြောင့် ဓာတ်ပုံရိုက်မခံသော ကော်မရှင်ရုံးများရှိနေပြီး တင်ပြမှုများအပေါ် အဆင်ပြေအောင် ဖြေရှင်းပေးလျက် ရှိကြောင်း၊ မဲဆန္ဒရှင်များ၏ စိတ်ပါဝင်စားမှုမှာ အားနည်းနေပြီး NLD ပါတီတစ်ခုတည်းသာ ပူးပေါင်းဆောင်ရွက်လျက်ရှိကာ NGO များမှ ကူညီဆောင်ရွက်ပေးမှု မရှိသေးကြောင်း ဖြေကြားသည်။
အင်္ဂပူမြို့နယ်သည်၂၀၁၀ ရွေးကောက်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသော မဲဆန္ဒနယ်ဖြစ်ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌လည်း အဆိုပါ မဲဆန္ဒနယ်ကပင် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ထုတ်ဖော်ပြောကြား ထားသည်။
အင်္ဂပူမြို့နယ်တွင် ရပ်ကွက် ရှစ်ခု၊ ကျေး ရွာအုပ်စု ၇၂ အုပ်စုရှိပြီး အခြေခံမဲစာရင်း ပြုစုထားမှု၌ မဲဆန္ဒရှင် ၁၄၉၇၃၆ ဦး ရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ သိရသည်။
 

Most Read

Most Recent