၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဲဆန္ဒနယ်အများစုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်း မှ ညနေပိုင်းအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး ဆွေးနွေးမှုများပြုလုပ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က CRPP တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် နားလည်မှုယူနိုင်မည့် အခြေအနေရှိလာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဒီနေ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေး ခေါ်ပြီးတော့ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို ဆွေးနွေးခဲ့ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တယ်ဆိုတာကတော့ မပြီးသေးတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ဖို့ပါပဲ။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျွန်မတို့ တတ်နိုင်သမျှ မဲဆန္ဒနယ်အားလုံးကနေပြီးတော့ ယှဉ်ပြိုင်မှာပါ။ အားလုံးသိတဲ့အတိုင်းပဲ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ဆိုရင် ၁၂၀၀ ကျော်ပါတယ်။ ၁၂၀၀ အားလုံးမှာတော့ ကျွန်မတို့ ဝင်ပြိုင်မှာ မဟုတ်ပါဘူး။ တချို့တလေမှာတော့ ဝင်မပြိုင်တဲ့နေရာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အများစုကြီးကိုတော့ ကျွန်မတို့ ဝင်ပြိုင်မှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။
ထို့ပြင် ကိုယ်စားလှယ်လောင်းများအား မည်သို့ရွေးချယ်မည်ဆိုသည်မှာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ခဲ့သည့် မူဝါဒများနှင့် ကွာခြားမည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။
“ကိုယ်စားလှယ်တွေကို ဘယ်လိုရွေးချယ်မှာလည်းဆိုတာကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျွန်မတို့ မူတွေနဲ့သိပ်ပြီးတော့ မကွာခြားပါဘူး။ အားလုံး မှတ်မိမယ်လို့ထင်ပါ တယ်။ ကျွန်မတို့ ၂၀၁၂ ရွေးကောက်ပွဲတုန်းက နံ ပါတ်(၁) က အရည်အချင်း ဦးစားပေးမယ်၊ နံပါတ် (၂) က အမျိုးသမီးတွေကို ဦးစားပေးမယ်၊ နံပါတ်(၃)က လူငယ်တွေကို ဦးစားပေးမယ်၊ နံပါတ်(၄)က တိုင်းရင်းသားတွေ အဲ့ဒီ အစီအစဉ်တိုင်း ကျွန်မတို့လုပ်မယ်ဆိုပြီးတော့ ၂၀၁၂တုန်းက ဒီအတိုင်းပဲ ကိုယ်စားလှယ်တွေကို ရွေးခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းပဲ ရွေးမှာပါ၊ ကျွန်မတို့ အရည်အချင်းဆိုတဲ့နေရာမှာ ပြည်သူကို အကျိုးပြုနိုင်မယ့် ကိုယ်စားလှယ်တွေ ရှိသင့် ရှိထိုက်တဲ့ အရည်ချင်းတွေကို ဆိုလိုတာပါ၊ အဲဒါနဲ့ ပတ်သက်လို့ တချို့က ဒါဟာ ဘွဲ့ရတွေ ဖြစ်ရမယ်။ ဘယ်လိုပညာအရည်အချင်း၊ ကျောင်းပညာအရည်အချင်း ရှိရမလဲဆိုလို့ မေးတာတွေလည်း ရှိပါတယ်။ ကျွန်မတို့က အရည်အချင်းဆိုတာကို ဒီလို ကျဉ်းကျဉ်းမြောင်းမြောင်းနဲ့ မြင်တာမဟုတ်ပါဘူး။ ကျယ်ကျယ်ပြန့်ပြန့်မြင်တာပါ၊ ပြည်သူတွေကို အကျိုးပြုနိုင်မယ့် ကိုယ်စားလှယ်တွေ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းဆိုတော့ ဒါဟာ ကျောင်းပညာအရည်အချင်း တစ်ခုတည်းနဲ့ မဟုတ်ပါဘူး။ ဘွဲ့ရပြီးတော့ ပြည်သူတွေကို အကျိုးမပြုနိုင်တဲ့ အခြေအနေတွေမှာရှိတဲ့ ပုဂ္ဂိုလ်တွေလည်းရှိပါတယ်။ အဲ့တော့ကျွန်မတို့က ဘွဲ့ရတာကို အလေးမထားတာ မဟုတ်ဘူး။ ကျောင်းပညာမြင့်မြင့်တက်တာကို အလေးထားပါတယ်။ ဒါပေမဲ့ ဒီတစ်ခုထဲကို ကြည့်မှာမဟုတ်ပါဘူး။ အခြေခံအားဖြင့်တော့ ကျွန်မတို့ဟာ နိုင်ငံရေးစိတ်ဓာတ် မှန်ကန်ဖို့လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြင်ဆင်နိုင်ခြင်းမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ခွင့် မရှိသောကြောင့် သမ္မတလောင်းလျာထားမှုအပေါ် သိရှိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် “အန်တီတို့မှာ အစီအစဉ်တွေရှိတယ်။ သူရဲ့အချိန်တန်တဲ့အခါကျရင် ဘယ်လိုစီစဉ်ထားလဲဆိုတာ ပြောမှာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် သမ္မတလောင်းသည် NLD ပါတီဝင်ဖြစ်ရမည်ဖြစ်ပြီး လက်ရှိ ပါတီမဟုတ်သူဖြစ်နေပါကလည်း နောင်တွင် ပါတီဝင်ဖြစ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အတူ အခြားပါတီများနှင့် ညှိနှိုင်း၍ မပြိုင်မည့်နေရာရှိမလားဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “အဲဒီဟာကတော့ ရှိနိုင်ပါတယ်။ ကျွန်မတို့ အရင်တုန်းကလည်း ပြောခဲ့ပါတယ်။ ကျွန်မတို့ရဲ့ CRPP က တိုင်းရင်းသားမဟာမိတ်ပါတီတွေနဲ့ ကျွန်မတို့ အနေနဲ့ နားလည်မှုယူနိုင်မယ့် အခြေအနေဖြစ်ပေါ်လာနိုင်တယ်ဆိုတာ အရင်ကတည်းကလည်း ပြောထားပါတယ်။ ဒါပေမဲ့ ဒါတွေကို အသေးစိတ် မတိုင်ပင်ရသေးပါဘူး” ဟု ပြောကြားသည်။ ထို့ပြင် CRPP အပြင် ၂၀၁၀ နောက်ပိုင်း တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးဖို့အမြင်နှင့် ပတ်သက်၍မေးမြန်းမှုအပေါ် “တချို့တိုင်းရင်းသားပါတီတွေ အချင်းချင်းမှာပိုပြီးတော့ နည်းနည်းဖြေရှင်းရမယ့်ကိစ္စရှိတယ်လို့ ထင်ပါတယ်။ ဥပမာဆိုရင် ရှမ်းမှာဆိုရင်အစတုန်းက SNLD ပေါ့။ ၂၀၁၀ ကျတော့ SNDP ပေါ့။ အခုကျတော့ ရှမ်းပြည်မှာ ရှမ်းပါတီကြီး နှစ်ခုရှိတယ်။ ရှမ်းပါတီနှစ်ခုကြားထဲမှာ ဘယ်ပါတီရွေးမလဲဆိုတာ ရှမ်းတိုင်းရင်းသူ၊ တိုင်းရင်းသားတွေက ရွေးချယ်ဆုံးဖြတ်ရမှာဆိုတော့ ရှမ်းပါတီတွေကြားထဲမှာ ညှိဖို့ ဆွေးနွေးဖို့အများကြီးရှိရင် ရှိနိုင်တာပေါ့။
အန်တီတို့ကတော့ အများအားဖြင့်အရင်တုန်းက ပြည်နယ်အမြင်နဲ့ တိုင်းရင်းသားအမြင်နဲ့ မဟုတ်ဘဲနဲ့ ပြည်ထောင်စုအမြင်နဲ့ မဲထည့်တဲ့ မဲဆန္ဒရှင်တွေရဲ့ မဲတွေကိုပဲ အရင်တုန်းကလည်း အားကိုးခဲ့ရတာပါ။ အခုလည်း ဒီလိုမဲတွေကိုပဲ အားကိုးမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ကျင်းပကာ NLD အနေဖြင့် ရွေးကောက်ပွဲ ဝင်၊ မဝင်ဆွေးနွေးအပြီး ဇူလိုင် ၁၁ ရက် ညနေက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးကိစ္စများနှင့် ပတ်သက်၍လည်း “အထူးသဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုကြားမှာ လှုပ်ရှားမှု လုပ်တဲ့နေရာမှာ တော်တော်ကို အောင်မြင်ခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ငါးသန်းသော ပြည်သူများက ထောက်ခံခဲ့ပါတယ်။ ဒါတွေက ဒီမိုကရေစီစံနှုန်းစံထားတွေအရ အင်မတန်မှ အံ့သြလောက်အောင် မြင့်မားတဲ့အရေအတွက် ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ ပြည်သူတွေက နိုင်ငံရေးကို စိတ်ဝင်စားကြတယ်။ ရှင်းပြလို့ ရှိရင် သဘောပေါက်နားလည်တယ်ဆိုတာကို ကျွန်မတို့ အဲ့ဒီလှုပ်ရှားမှုတွေအတွင်းမှာ သိခဲ့ရပါတယ်။ တချို့ရွာလေးတွေ ပြည်နယ်လေးတွေမှာ ခေါင်းထဲမှာ သေသေချာချာ မှတ်မိနေတာက ကရင်ပြည်နယ်သွားတဲ့အခါ မှာ ရွာလေးတစ်ရွာမှာဆိုရင် တချို့ရွာသူ ရွာသားတွေက ဗမာစကားကိုတောင် ကောင်းကောင်း မပြောတတ်ကြဘူး။ ဒါပေမယ့်သူတို့ အားလုံး ၅၉(စ)လုံးကို သိကြတယ်။ အဲ့ဒီလောက် ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ဝင်စားမှုရှိနေတာကို တွေ့ရတဲ့ အခါကျတော့ ကျွန်မ အင်မတန်မှအားတက်တယ်။
ဒီလွှတ်တော်အတွင်းမှာ ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့တော့ ဒီဟာပြင်ဆင်နိုင်ရေးအတွက် အားဟာ မလုံလောက်ဘူးဆိုတာ ကျွန်မတို့သိပါတယ်။ သို့သော်ငြားလည်း ပြည်သူက ကျွန်မတို့ကို ထောက်ခံတယ်ဆိုတဲ့အားက မနည်းပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ဒီငါးသန်းကနေ လက်မှတ်ထိုးလိုက်တာက အဟောသိကံ ဖြစ်သွားပြီလား၊ ဘာမှ အရာမထင်ဘူးလား၊ အဲ့လိုမေးကြပေမယ့် အဟောသိကံ မဖြစ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ တင်လာတဲ့အခါ ငါးသန်းသောပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူရှုတဲ့ပုံစံမျိုးကို မြင်တွေ့ရတဲ့အခါကျတော့ ပြည်သူတွေဟာ ပိုပြီးတော့ ကြိုးစား ဖို့ လိုသေးတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးအတွက် ပြည်သူတွေအားလုံး ပါဝင်ပြီးတော့ နောက်ထပ် ထပ်ပြီးတော့ တစ်ဆင့်ပြီးတော့ တစ်ဆင့် တက်လှမ်းဖု့ိ လိုသေးတယ်ဆိုတာကို ပိုပြီးတော့ နားလည်သဘောပေါက်လာတယ်လို့ ကျွန်မတို့မြင်ပါတယ်။ ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးနဲ့ ပတ်သက်လို့ လုံး၀ စိတ်ဓာတ်မကျပါဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြောင်းရမယ့် ဥပဒေ၊ ပြင်ရမယ့်ဥပဒေဆိုတာ ကျွန်မတို့ ပြည်သူတွေ လက်ခံထားတာ မဟုတ်လို့ ပြောင်းလဲပေးနိုင်မယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။
ဘယ်တော့ပြင်ဖြစ်၊ ပြောင်းဖြစ်မယ်ဆိုတာကိုတော့ မေးလို့ရှိရင် NLD ရွေးကောက်ပွဲမှာ နိုင်ရင် မြန်မြန်ပြောင်းလဲပေးနိုင်မယ်။ ကျွန်မတို့ ဒီလိုပဲပြောရမှာပဲ။ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပြောရမယ်ဆိုရင် တချို့က မမေးခင် ကျွန်မအရင်ဖြေထားတာနော်၊ ၅၉(စ)လုံးကို မပြင်ဘူးဆိုရင် ကျွန်မအနေနဲ့ သမ္မတဖြစ်နိုင်ခြေ မရှိဘူး။ ဒီတော့ NLD အနေနဲ့ ဘယ်ကိစ္စကို ကိုင်တွယ်မှာလဲဆိုတာကို ကျွန်မတို့ အနေနဲ့ စဉ်းစားပြီးသားပါ၊ ဒါ အချိန်မတန်သေးလို့ မပြောတာပါ၊ ပြည်သူလူထု လက်ခံနိုင်တဲ့ အစီအစဉ်တစ်ခုကို ကျွန်မတို့လုပ်မှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ ဒီမိုကရေစီကို ယုံကြည်၊ ပြည်သူကို အားကိုးပြီးတော့ ရယူခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ပြည်သူကို အားကိုးပြီးတော့ ရပ်တည်ခဲ့တဲ့ ပါတီဖြစ်တာကြောင့်မို့လို့ ပြည်သူရဲ့ ထောက်ခံမှု မရှိလို့ရှိရင် ကျွန်မတို့ဆက်ပြီးတော့ လှုပ်ရှားလို့မရပါဘူး။ ဒါကြောင့်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ကျွန်မတို့သမ္မတ ရွေးချယ်ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အစိုးရဖွဲ့ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ပြည်သူတွေ လက်ခံနိုင်တဲ့ အစီအစဉ်တစ်ရပ်ကို လုပ်သွားမှာပါ၊ ပြည်သူတွေ လက်မခံနိုင်ဘူးဆိုရင် ဘယ်အစီစဉ်မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့သည်။
“ရွေးကောက်ပွဲဝင်ပြိုင်မယ့် နေရာတွေကို ပြည်ခိုင်ဖြိုးပါတီနဲ့ ညှိနှိုင်းထားတာတွေ မရှိပါဘူး။ ဆွေးနွေးထားတာတွေက စီအာပီပီ နဲ့ တစ်ချို့ မဟာမိတ်ပါတီတွေနဲ့ပဲ ဆွေးနွေးထားခြင်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒါမျိုးတွေ ဆွေးနွေးထားတာ မရှိပါဘူး။ Land Slide နိုင်တာ မနိုင်တာက အရေးမကြီးဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက အဓိက မူဝါဒပဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်ကိုပဲ ဦးတည်ပြီးလုပ်မှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၀၀ ရာခိုင်နှုန်း နိုင်ခဲ့ရင်တော့ အမျိုးသားရင်ကြားစေ့ရေးကိုပဲ ဦးထိပ်ထား ဆောင်ရွက်မှာပါ”ဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“နောက်တစ်ခုက အားလုံးက တရားမျှမျှတတဖြစ်ဖို့ ပွင့်လင်းမြင်သာမှုရှိဖို့ ဒါတွေဟာလည်း တစ်ဆင့်ချင်း အားလုံးစဉ်းစားရမယ့် ကိစ္စတွေပါ၊ ဒီမှာ မီဒီယာတွေကိုလည်း အကူညီတောင်းခံပါတယ်။ မီဒီယာတွေအနေ နဲ့ တက်နိုင်သမျှ ပါဝင်စေချင်ပါတယ်။ အခုထိတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တချို့ CSO၊ အချို့ NGO အနည်းစုသာ ဒီ မဲဆန္ဒရှင်စာရင်းတွေကို လိုက်ကြည့်နေတာ တွေ့ရပါတယ်။ ဒါကတော့ ကျွန်မတို့အနေနဲ့ အခုရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သုံးသပ်တာပါ၊ ၈ ရက် နိုဝင်ဘာမှာ ကျင်းပမယ်ဆိုတော့လည်း အားရပါတယ်။ ကော်မရှင်ဥက္ကဌ ဦးတင်အေးကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီပါတယ်။ ကျင်းပရမယ့်အချိန်မှာ ကျင်းပတာကို ကျွန်မတို့အနေနဲ့ ကြိုဆိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။
“ပြည်သူတွေကပေါ့နော် အန်တီကို သမ္မတဖြစ်စေချင်တယ်ဆိုရင် ဒါက အဓိကမဟုတ်ဘူး။ အဓိကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ဖို့ပဲ။ ပြည်သူတွေလိုချင်တဲ့ အစိုးရမျိုးဖြစ်ဖို့ဆိုတာ ဒါ အရေးကြီးပါတယ်။ပြည်သူတွေက အန်တီကို သမ္မတ ဖြစ်စေချင်တယ်ဆိုတာလည်း သူတို့လိုချင်တဲ့ အစိုးရတစ်ခုကို ဖော်ထုတ်ချင်လို့ပဲ။ အဲတော့ အန်အယ်လ်ဒီကို မဲနိုင်အောင်သာ မဲပေးပါ။ ကျန်တဲ့ဟာတွေကို အန်တီတို့ ကြည့်လုပ်ပါမယ်။ တချို့က ပြောတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်က အဟောသိကံ ဖြစ်သွားတယ်ဆိုတာ ဒါလုံးဝမဟုတ်ပါဘူး။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများဟာ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံကြီးများဟာ မြန်မာနိုင်ငံ ပြည်သူလူထုဟာ ဒီမိုကရေစီကို လိုလားတောင်းတပါတယ်ဆိုတဲ့ဟာကို လက်ခံတာဖြစ်ပါတယ်။ အဲလို လက်ခံလိုလဲ ဒီမိုကရေစီလှုပ်ရှားမှုအတွက် ကမ္ဘာရပ်ရပ်ကနေ ထောက်ခံမှု တွေ ပေးခဲ့တာပါ။အဲ ဒါကြောင့်လည်း အခု ဒီမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်လာတာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။