Miss Supranational Myanmar 2015 ဆုရှင် L ဘောက်နူးနှင့် တွေ့ဆုံခြင်း

Miss Supranational Myanmar 2015 ဆုရှင် L ဘောက်နူးနှင့် တွေ့ဆုံခြင်း
Published 8 July 2015
သဲသီရိကျော်

ယနေ့ အင်တာဗျူးကဏ္ဍမှာ တွေ့ဆုံမေးမြန်းဖြစ်သူကတော့ ယခုနှစ်အတွင်း ကျင်းပမယ့် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲကြီးတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ အလှမယ်ငါးဦး ရွေးချယ်တဲ့ Miss Golden Land Myanmar 2015 ပြိုင်ပွဲမှာ Miss Supranational Myanmar 2015 ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ကချင်တိုင်းရင်းသူလေး L ဘောက်နူးပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက်လုံး ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို အများဆုံး ရရှိခဲ့တဲ့ L ဘောက်နူးက ယခုနှစ်ကုန်ပိုင်း ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational 2015 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စား ပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်တာကြောင့် နိုင်ငံတကာ ပြိုင်ပွဲကြီးအတွက် သူမရဲ့ ကြိုတင်ပြင်ဆင်နေမှုများ၊ Miss Golden Land Myanmar 2015 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့စဉ်က အတွေ့အကြုံများနဲ့ အခြား သိရှိလိုသည်များကို မေးမြန်းဖြစ်ခဲ့ပါတယ်။မေး - Miss Golden Land Myanmar 2015 ရွေးချယ်ပွဲကြီးမှာ ဘယ်လို ရည်ရွယ်ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင် ဖြစ်ခဲ့တာလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ။ဖြေ - အဓိက,ကတော့ Miss Golden Land Myanmar ရွေးချယ်ပွဲကြီး ကျင်းပတဲ့ ရည်ရွယ်ချက်ကို သဘောကျ နှစ်သက်လို့ပါ။ နူးကိုယ်တိုင်လည်း  နူးတို့မြန်မာနိုင်ငံရဲ့ ပညာရေးကို တစ်ဖက်တစ်လမ်းကနေ မြှင့်တင်ဆောင်ရွက်ပေးနိုင်တဲ့သူ ဖြစ်ချင်တဲ့အတွက် ဒီပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။ အထူးသဖြင့် နူးတို့ဆီမှာ ပညာသင်ကြားခွင့် မရတဲ့ ကလေးတွေ၊ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားသင်ရမယ့်အစား အခြားအလုပ်တွေလုပ်ပြီး ရုန်းကန်နေကြရတဲ့ ကလေးတွေကိုလည်း ပညာသင်ကြားခွင့် ရစေချင်တယ်။ အဲဒီအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အသိပညာပေးနိုင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်။ နူးသာ အလှမယ်တစ်ယောက် ဖြစ်ခွင့်ရမယ်ဆိုရင် ဒီလိုအလုပ်တွေကို ပိုမိုလုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ Miss Golden Land Myanmar ရွေးချယ်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။မေး - Miss Golden Land Myanmar ပြိုင်ပွဲကာလ တစ်လျှောက်မှာ နူးအတွက် ဘယ်လိုအတွေ့အကြုံသစ်တွေ ရရှိခဲ့သလဲ ဆိုတာလည်း ပြောပြပေးပါဦး။ဖြေ - Miss Golden Land Myanmar ပွဲကြီးက တစ်လနီးပါးလောက် ကြာပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်ပွဲကြီး မတိုင်ခင်မှာ နူးတို့ ဆန်ခါတင် ပြိုင်ပွဲဝင်တွေ အားလုံးကို Camp သွင်းပြီး လိုအပ်တဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ပေးတယ်။ အလှမယ်တစ်ယောက်မှာ ရှိရမယ့် စိတ်နေစိတ်ထားတွေ Body၊ Beauty၊ Barin စတာတွေ သင်ကြားပေးပါတယ်။ ပြိုင်ပွဲကာလ အတွင်းမှာ မြန်မာနိုင်ငံတွင်းက အထင်ကရ နေရာတွေကိုလည်း သွားရောက်လေ့လာခွင့်လည်း ရခဲ့ပြီး ပရဟိတ အလုပ်တွေလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်။ Title ဆုတွေအတွက် ပြိုင်ပွဲတွေကိုလည်း အဆင့်ဆင့် ကျင်းပခဲ့တဲ့အတွက် နူးတို့အတွက် အတွေ့အကြုံသစ်တွေ အများကြီး ရခဲ့ပါတယ်။ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားကနေ လာရောက်ပြီး Miss Golden Land Myanmar ပွဲမှာ အတူတွေ့ဆုံခွင့်ရခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အားလုံးနဲ့လည်း တကယ့် ညီအစ်မအရင်းတွေလို ချစ်ခင်ရင်းနှီးခွင့် ရခဲ့တယ်။ အတူတကွ ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်လေးတွေ၊ ပရဟိတ စိတ်ဓာတ်လေးတွေ အများကြီးကို နူးရရှိခဲ့ပါတယ်။မေး - အခုလို Miss Supranational Myanmar 2015 Winner ဆုကို ဆွတ်ခူးရယူနိုင်ဖို့ L ဘောက်နူးရဲ့ ပြိုင်ပွဲကာလတစ်လျှောက် ဘယ်လိုစိတ်ဓာတ် ခံယူချက်တွေနဲ့ ဝင်ပြိုင်ဖြစ်ခဲ့လဲ ဆိုတာလည်း ပြောပြပေးပါ။ဖြေ - ပြိုင်ပွဲကာလ တစ်လျှောက်လုံး အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ နူးတတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ Miss တစ်ယောက်အတွက် အပြုံးကလည်း သိပ်ကို အရေးကြီးပါတယ်။ ပြိုင်ပွဲကာလ တစ်လျှောက်လုံး အနိုင်အရှုံး ဆိုတာကို ပဓာန မထားဘဲနဲ့ နိုင်နိုင်ရှုံးရှုံး အပြုံးမပျက် ယှဉ်ပြိုင်မယ်ဆိုတဲ့ စိတ်မျိုးပဲ ထားခဲ့ပါတယ်။မေး - ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational 2015 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက်ရော ဘာတွေကြိုတင် ပြင်ဆင်နေပြီလဲ။ဖြေ - လောလောဆယ်တော့ Miss Golden Land Myanmar Family နဲ့အတူ နူးတို့ အလှမယ်တွေရဲ့ မွေးရပ်ဇာတိမြေတွေကိုသွားပြီး ဒေသခံ ပြည်သူတွေနဲ့အတူ ပရဟိတ အလုပ်တွေ လုပ်ဆောင်နေကြပါတယ်။ အဲဒီက ပြန်လာရင်တော့ ပြိုင်ပွဲအတွက် လိုအပ်တဲ့ လေ့ကျင့်ပြင်ဆင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ လမ်းလျှောက်တာတွေရော၊ Body အတွက် လေ့ကျင့်မှုတွေရော၊ အထွေထွေ ဗဟုသုတ အတွက်ရော ပြင်ဆင်သွားမှာပါ။မေး - Miss Supranational ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားပြိုင်ခဲ့ကြတဲ့ အလှမယ်တွေက ဆုတွေ အသီးသီး ရခဲ့ကြတာဆိုတော့ နူးအတွက် အခုပြိုင်ပွဲက ပိုပြီး တာဝန်ကြီးတယ်လို့ ခံစားရလား။ဖြေ - ဟုတ်ကဲ့။ ရှေ့မှာ သွားပြိုင်ခဲ့ကြတဲ့ Senior တွေက မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ ဆုတွေအသီးသီး ရယူပေးနိုင်ခဲ့တာ အရမ်းကို ဂုဏ်ယူဖို့ ကောင်းပါတယ်။ ရှေ့က သွားပြိုင်တဲ့ Senior တွေ ညီမတွေက နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက် နူးအခု သွားပြိုင်တဲ့ အခါမှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် တစ်ယောက်အနေနဲ့ အရမ်းကို တာဝန်ကြီးပါတယ်။ နူးတတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားသွားမှာပါ။မေး - Miss Golden Land Myanmar ပြိုင်ပွဲမှာ ဝင်မပြိုင်ခင်က အနုပညာ လှုပ်ရှားမှုတွေ ရှိခဲ့သေးလား။ဖြေ - ဟုတ်ကဲ့။ နူးက မော်ဒယ်လ်တစ်ယောက် အနေနဲ့ အနုပညာ အလုပ်တွေကို လုပ်နေတာ သုံးနှစ်ကျော်လောက် ရှိပါပြီ။ ပြည်တွင်း အလှမယ်ပြိုင်ပွဲ တချို့မှာလည်း ဝင်ပြိုင်ခဲ့ဖူးပါတယ်။မေး - အနာဂတ်မှာရော ဘယ်လိုပုံစံနဲ့ ရပ်တည်သွားမလဲ သိချင်ပါတယ်။ဖြေ - နူးရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ ပညာရေး မြှင့်တင်မှုအတွက် နူးတတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ဆောင်ရွက်သွားမယ်။ Miss Golden Land Myanmar Organization နဲ့အတူ ပရဟိတ အလုပ်တွေကိုရော၊ အနုပညာ လှုပ်ရှားမှုတွေကိုပါ ပူးပေါင်းဆောင်ရွက်သွားမှာပါ။        

ကိုယ်ရေးအကျဉ်း
■ အမည်ရင်း - L ဘောက်နူး■ လူမျိုး - ကချင်■ အရပ်အမြင့် - ၅ ပေ ၇ လက်မ■ အသက် - ၂၁ နှစ်■ အနုပညာလောကထဲ စတင်ဝင်ရောက်သည့် ခုနှစ် - ၂၀၁၂ ခုနှစ်■ ပညာအရည်အချင်း - B.A(English)၊ Diploma In Nursing

 

Most Read

Most Recent