အာဂျင်တီးနားလက်ရွေးစင်အသင်း ခေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် ကိုပါအမေရိကဖလားပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆုအတွက် ရွေးချယ်ခံရသော်လည်း ဆုလက်ခံရယူရန် ငြင်းဆန်ခဲ့ကြောင်း အာဂျင်တီးနားမီဒီယာများ၏ ဖော်ပြမှုကို ကိုးကား၍ Daily Mail သတင်းစာက ပြန်လည်ဖော်ပြခဲ့သည်။
အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲတွင် သာမန်ပွဲကစားချိန် မိနစ် ၉၀ နှင့် အချိန် ပို မိနစ် ၃၀ ပြီးဆုံးချိန်အထိ ဂိုးမရှိသရေကျ နေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ မက်ဆီတစ်ဦးတည်းသာ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး ဟီဂွါအင်နှင့် ဘာနီဂါတို့ လွဲချော်ခဲ့သောကြောင့် အိမ်ရှင်ချီလီအသင်းက (၄-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ပြိုင်ပွဲအပြီး၌ ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး သွင်းဂိုးအများဆုံးဆု၊ ရွှေလက်အိတ်ဆု၊ အကောင်းဆုံးလူငယ်ဆု၊ Fair Play ဆုတို့နှင့် အတူ ပြိုင်ပွဲ၏ အကောင်းဆုံးဆုကိုလည်း ချီးမြှင့်ရန် စီစဉ်ထားကြောင်း သိရသည်။ သို့သော် မက်ဆီက ယင်းဆုကို လက်ခံရယူရန် ငြင်းဆန်ခဲ့သောကြောင့် ချီးမြှင့်ရန် စီစဉ်ထားပြီးမှ ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့် ကစားသမားကိုမျှ အစားထိုးပေးအပ်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။ မက်ဆီသည် ယင်းပြိုင်ပွဲတွင် ပါရာဂွေးနှင့်ကစားခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်၌ ပယ်နယ်တီမှတစ်ဆင့် တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အသင်းဖော်များ ဂိုးသွင်းယူနိုင်ရန်အတွက် ဖန်တီးမှုများသာ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ မက်ဆီသည် ဘာစီလိုနာအသင်းနှင့် အောင်မြင်မှု များစွာ ရရှိထားသော်လည်း အာဂျင်တီးနား လက်ရွေးစင်အသင်းနှင့်မူ အောင်မြင်မှု မရရှိဖူးသောကြောင့် ဝေဖန်မှုများ ခံနေရကြောင်းလည်း သိရသည်။ အာဂျင်တီးနားအသင်းမှာ ၁၉၉၃ ခုနှစ်နောက်ပိုင်း ၂၂ နှစ်ကြာ ဝေးကွာနေသည့် ကိုပါအမေရိကချန်ပီယံဆုကို ထပ်မံ လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။
ကိုပါအမေရိကဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုအတွက် ရွေးချယ်ခံရသော်လည်း အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ငြင်းပယ်ခဲ့









