မြန်မာဘာသာဖြင့် ရေးသားထားသော မိုဘိုင်းဆိုရှယ် မီဒီယာ MySquar ၏ ရှယ်ယာများ လန်ဒန်စတော့အိတ်ချိန်းတွင် ရောင်းချမှု ပြီးစီး

မြန်မာဘာသာဖြင့် ရေးသားထားသော မိုဘိုင်းဆိုရှယ် မီဒီယာ MySquar ၏ ရှယ်ယာများ လန်ဒန်စတော့အိတ်ချိန်းတွင် ရောင်းချမှု ပြီးစီး
Published 6 July 2015
နွဲ့ယဉ်အေး

မြန်မာဘာသာဖြင့် ရေးသားထားသော မိုဘိုင်းဆိုရှယ် မီဒီယာတစ်ခု ဖြစ်သည့် MySquar ၏ ရှယ်ယာများကို လန်ဒန်စတော့အိတ်ချိန်းတွင် စတင်ရောင်းချမှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။MySquar က လန်ဒန်စတော့အိတ်ချိန်းရှိ ဖွံ့ဖြိုးဆဲ ကုမ္ပဏီငယ်များအတွက် နိုင်ငံတကာ ဈေးကွက်ဖြစ်သော Alternative Investment Market (AIM) တွင် ၎င်း၏ ရှယ်ယာများကိုတင်ကာ ရောင်းချမှု ပြီးစီးသွားပြီဖြစ်ပြီး ရှယ်ယာအသစ်ပေါင်း ၁၆၇၇၆၈၀၀ ကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိုသို့ ရှယ်ယာအသစ်များ ရောင်းချခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ ၂ ဒသမ ၆၁ သန်း ရရှိခဲ့သည်ဟု ဆိုသည်။MySquar သည် ရှယ်ယာတစ်စုလျှင် ၁၀ ပဲနိဈေး သတ်မှတ်ထားသော ရှယ်ယာပေါင်း ၁၈၄၆၁၅၁၈၉ ခုဖြင့် ဈေးကွက်မတည် ရင်းနှီးငွေပေါင်း ဒေါ်လာ ၂၉ သန်းတန်ဖိုး သတ်မှတ်ခံထားရကြောင်း သိရသည်။အဆိုပါ ကုမ္ပဏီ၏ ရှယ်ယာများကို လန်ဒန်စတော့အိတ်ချိန်း ဈေးကွက်အတွင်း စတင် အရောင်းအဝယ် ပြုလုပ်နေပြီဖြစ်သည်။“လန်ဒန်ရဲ့ AIM ဈေးကွက်နဲ့ ဆက်သွယ်ခွင့်ရတာ ဝမ်းသာပါတယ်။ MySquar ရဲ့ ရည်မှန်းချက်ကတော့ နှစ် ၅၀ လောက် အထီးတည်းဖြစ်နေတဲ့ မြန်မာနိုင်ငံက လူတွေကို ဆက်သွယ်ဖို့ ဖြစ်ပါတယ်” ဟု MySquar ၏ အမှုဆောင်အရာရှိချုပ် Eric Schaer က ပြောကြားခဲ့သည်။MySquar သည် မြန်မာဘာသာဖြင့် ရေးသားထားသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်ပြီး Desktop ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများထဲသို့ ဒေါင်းလုတ်ဒ်ရယူနိုင်သည်။ MySquar ၏ မိုဘိုင်းအက်ပလီကေးရှင်းသည် သုံးစွဲသူများကို ၎င်းတို့၏ မိတ်ဆွေများ၊ အဆက်အသွယ်များနှင့် မက်ဆေ့ချ်ပေးပို့စေနိုင်ရန် လုပ်ဆောင်ပေးသည်။ ထို့ပြင် မြန်မာဒီဇိုင်းကဲသော သရုပ်လက္ခဏာနှင့် ဂိမ်းများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ ယခုနှစ်ကုန်ပိုင်းတွင် Jobs Portal တစ်ခုကိုလည်း လုပ်ဆောင်သွားရန် ရှိနေသည်ဟု ဆိုသည်။မြန်မာနိုင်ငံတွင် စမတ်ဖုန်း အသုံးပြုသူ ၁၀ ဦးတွင် ကိုးဦးမှာ Android စနစ်ကို အသုံးပြုကြသဖြင့် MySquar ကို အဆိုပါ Operation System နှင့် ကိုက်ညီစေရန် ပုံစံထုတ်ထားသည်ဟု ဆိုသည်။

Most Read

Most Recent