စင်ကာပူနှင့် မလေးရှားသို့ ဖရဲသီးတင်ပို့ရန် စာချုပ်ချုပ်ဆိုမှု ယခုလကုန် ပြုလုပ်မည်

စင်ကာပူနှင့် မလေးရှားသို့ ဖရဲသီးတင်ပို့ရန် စာချုပ်ချုပ်ဆိုမှု ယခုလကုန် ပြုလုပ်မည်
Published 5 July 2015
သင်းဖြိုး

ဇွန်လမှစ၍ တရုတ်နိုင်ငံသို့ ဖရဲသီး တင်ပို့မှုကို ရပ်ဆိုင်းထားသော်လည်း ယခုလကုန်ပိုင်းတွင် စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ဖရဲသီးတင်ပို့ရန် စာချုပ်ချုပ်ဆိုမှု ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲသခွားအစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဆိုသည်။    “ပြီးခဲ့တဲ့ ငါးလပိုင်းကုန်ကတည်းက တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့မှု ရပ်ထားတာပါ။ တရုတ်နိုင်ငံမှာ ဖရဲသီးပေါ်ချိန်ဆိုတော့ တင်ပို့မှုကို ရပ်ဆိုင်းထားတာပါ။ ဒါပေမဲ့ ဒီလကုန်ပိုင်းမှာ စင်ကာပူ၊ မလေးရှားနိုင်ငံကို တင်ပို့ဖို့ ခြောက်လ စာချုပ်ချုပ်မှာပါ” ဟု ၎င်းက ဆိုသည်။မြန်မာနိုင်ငံမှ ဖရဲသီးများကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ စင်ကာပူနှင့် မလေးနိုင်ငံများသို့ တင်ပို့မှုရှိခဲ့ရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က မက်ထရစ်တန်ချိန် လေးသိန်းငါးသောင်းကျော်ကို လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က မက်ထရစ်တန်ချိန် ငါးသိန်းသုံးသောင်းကျော်ကို လည်းကောင်း တင်ပို့ခဲ့ပြီး နှစ်စဉ် တန်ချိန် ငါးသောင်းကျော် တိုးမြှင့် တင်ပို့သွားရန် လျာထားကြောင်း သိရသည်။ယင်းကဲ့သို့ ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ယခင်နှစ်များက ဖရဲသီး တစ်ကီလိုလျှင် ကျပ် ၂၈၀ မှ ကျပ် ၃၅၀ အထိရှိကြောင်း၊ လက်ရှိ တင်ပို့မည့် ဖရဲသီးဈေးနှုန်းကိုမူ စာချုပ်ချုပ်ဆိုရာ၌ အတည်ပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် စာချုပ်ချုပ်ဆိုမှုတွင် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ ဝယ်ယူမည့် တန်ချိန်အရေအတွက်ကို လိုက်၍ တင်ပို့သွားမည်ဖြစ်ကာ ပဲခူး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဖရဲသီးများကို အဓိက တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းစာချုပ်တွင် အောက်တိုဘာမှ ၂၀၁၆ ဇန်နဝါရီအထိ ခြောက်လကြာ တင်ပို့မှု စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကာ တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့မှု ရပ်ဆိုင်းထားသည်ကိုလည်း လာမည့် အောက်တိုဘာတွင် ပြန်လည် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။    

Most Read

Most Recent