ရန်ကုန်မြို့တော်စည်ပင်၏ အစီအစဉ်ဖြင့် ရွှေပြည်သာမြို့နယ်တွင် အခန်း ၁၀၀ ကျော်ပါဝင်မည့် အငှားအိမ်ရာ ဆောက်လုပ်နေ

ရန်ကုန်မြို့တော်စည်ပင်၏ အစီအစဉ်ဖြင့် ရွှေပြည်သာမြို့နယ်တွင် အခန်း ၁၀၀ ကျော်ပါဝင်မည့် အငှားအိမ်ရာ ဆောက်လုပ်နေ
Published 5 July 2015
ကျော်ထင်

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တွင် အခန်း ၁၀၀ ကျော် ပါဝင်မည့် အငှားအိမ်ရာ ဆောက်လုပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ယင်းအငှားအိမ်ရာမှာ မူလက တန်ဖိုးနည်းအိမ်ရာအဖြစ် ဆောက်လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် အိမ်ငှားခ မတတ်နိုင်သူများအတွက် ရည်ရွယ်၍ အငှားအိမ်ရာအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအိမ်ရာသည် ရွှေပြည်သာမြို့နယ် စက်မှုလမ်းမကြီး အနီးတွင် တည်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ အိမ်ရာတွင် ရှစ်ခန်းတွဲ လေးထပ်တိုက် လေးလုံးခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။“တန်ဖိုးနည်းအိမ်ရာပဲ။ ဒါပေမဲ့ မရောင်းဘဲ အိမ်မဝယ်နိုင်တဲ့ သူတွေကို အငှားအိမ်ရာ လုပ်ပေးဖို့ စီစဉ်နေပါတယ်။ ငှားရမ်းခ ဘယ်လိုငှားမယ်ဆိုတာ မသတ်မှတ်ရသေးဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အလားတူ အိမ်ရာမဝယ်နိုင်သူများအတွက် ရည်ရွယ်သည့် အငှားအိမ်ရာ စီမံကိန်း တစ်ခုကိုလည်း ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောက်လုပ်ရန် တင်ဒါခေါ်ယူထားကြောင်း သိရသည်။အဆိုပါ အိမ်ရာတွင် အခန်းပေါင်း ၂၀၀၀ ခန့်ပါဝင်မည်ဖြစ်ပြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် (၂) လမ်းမကြီးနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ မြေ ၁၂ ဧကကျော်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယင်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့က ကျပ်ဘီလျံ ၂၀ ထောက်ပံ့ခဲ့ကြောင်း သိရသည်။အိမ်ရာအား ငှားရမ်းမည့် စည်းမျဉ်းစည်းကမ်းများနှင့် မည်သည့်နှုန်းထားဖြင့် ငှားရမ်းပေးမည် ဆိုသည်ကို ညှိနှိုင်းနေကြောင်း၊ သို့သော် ငှားရမ်းနေထိုင်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် တစ်လတစ်ခါ အိမ်ငှားခပေးသွင်းသည့် စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဟု သိရသည်။ရန်ကုန်မြို့တွင် တန်ဖိုးနည်း တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ အကောင်အထည် ဖော်ခဲ့သော်လည်း ဈေးနှုန်းမှာ ကျပ်သိန်း ၁၀၀ ကျော်၊ ၂၀၀ ကျော်၊ ၃၀၀ ကျော် ဖြစ်နေခြင်းကြောင့် အခြေခံ ပြည်သူများ ဝယ်ယူနိုင်ခြင်း မရှိသေးသဖြင့် အငှားအိမ်ရာ သဘောမျိုး ငှားရမ်းပေးမှသာ အခြေခံပြည်သူများအတွက် အဆင်ပြေနိုင်မည်ဟု သုံးသပ်နေကြသည်။  

Most Read

Most Recent