နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု မြင့်တက်လာခြင်းကြောင့် မန္တလေး-မင်းကွန်းသွား ရေယာဉ်များ ထပ်မံတိုးချဲ့မည်

နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု မြင့်တက်လာခြင်းကြောင့် မန္တလေး-မင်းကွန်းသွား ရေယာဉ်များ ထပ်မံတိုးချဲ့မည်
Published 5 July 2015
လဲ့လဲ့အောင်

မန္တလေးမြို့ မရမ်းခြံ ဆိပ်ကမ်းမှတစ်ဆင့် ဧရာဝတီမြစ်ကို ဖြတ်သန်းကာ မင်းကွန်းဘက်သို့ သွားရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများ တစ်နှစ်ထက်တစ်နှစ် များပြားလာသည့်အတွက် ယခုနှစ် ခရီးသွားရာသီတွင် ရေယာဉ်များ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုနည်းသည့် ကာလဖြစ်သောကြောင့် မရမ်းခြံဆိပ်ကမ်းမှတစ်ဆင့် မင်းကွန်းဘက်သို့ တစ်ရက်လျှင် ဦးရေ ၂၀ ကျော်သာ ပို့ဆောင်ပေးရသော်လည်း ခရီးသွားရာသီ လာရောက်လည်ပတ်မှု များချိန်တွင် တစ်ရက်လျှင် ၅၀၀ ခန့် ပို့ဆောင်ပေးရသောကြောင့် ရေယာဉ်လုံလောက်မှု ရှိစေရန် ယခုနှစ် ခရီးသွားရာသီတွင် ရေယာဉ် ၁၅ စင်းခန့် တိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။“လောလောဆယ် အခြေနေမှာတော့ ဧည့်အဝင် ပါးတယ်။ ခရီးသွားရာသီဆိုရင် ဧည့်သည်တွေ များတဲ့အတွက် ရေယာဉ်တစ်စင်းကို တစ်နေ့ နှစ်ကြော့၊ သုံးကြော့ ပို့ပေးရတဲ့အတွက် ရေယာဉ်တွေ တိုးချဲ့ပြေးဆွဲနိုင်ဖို့ သက်ဆိုင်ရာ ဌာနတွေမှာ လုပ်ငန်းလိုင်စင်တွေ လျှောက်ထားသွားမှာပါ။ ဒီနှစ် ခရီးသွားရာသီမှာ နောက်ထပ် ရေယာဉ် ၁၅ စင်းလောက် တိုးချဲ့ဖို့စီစဉ်ထားပါတယ်။ ၁၅ စင်းကို လိုင်စင်လျှောက်ထားမှာ ဖြစ်ပေမယ့် ပြန်ကျလာသလောက် တိုးချဲ့ပြေးဆွဲ ပေးသွားမှာပါ” ဟု မန္တလေးမရမ်းခြံ ဆိပ်ကမ်းရှိ နိုင်ငံခြားခရီးသွား သယ်ယူပို့ဆောင်ရေး ရေယာဉ်အသင်း ဥက္ကဋ္ဌ ဦးသက်ထွန်းက ဆိုသည်။  ပြီးခဲ့သည့် ခရီးသွားရာသီအတွင်း၌ မရမ်းခြံ ဆိပ်ကမ်းမှတစ်ဆင့် မင်းကွန်းသို့ ရေကြောင်းခရီးဖြင့် သွားရောက်လည်ပတ်သည့် ခရီးသွား နိုင်ငံခြားခရီးသွား များပြားခဲ့သည့်အပြင် ဧရာဝတီလင်းပိုင်ကြည့် ခရီးစဉ်များအတွက် လိုက်ပါပို့ဆောင်ပေးရမှုလည်း သိသိသာသာ များလာကြောင်း သိရသည်။နိုင်ငံခြားခရီးသွား သယ်ယူပို့ဆောင်ပေးသည့် ရေယာဉ်များအနေဖြင့် မန္တလေး-မင်းကွန်း ခရီးစဉ်သို့ အဓိကထား ပို့ဆောင်ပေးခြင်းဖြစ်ပြီး မန္တလေး-ပုဂံ၊ မန္တလေး-ဗန်းမော်နှင့် မန္တလေး-ပြည် ခရီးစဉ်များကိုလည်း စင်းလုံးငှားအနေဖြင့် လိုက်ပါပို့ဆောင်ပေးကြောင်း သိရသည်။ လက်ရှိတွင် မန္တလေးမရမ်းခြံ ဆိပ်ကမ်း၌ အသင်းဝင် နိုင်ငံခြားသားခရီးသွား သယ်ယူပို့ဆောင်ရေး ရေယာဉ် ၄၂ စင်းရှိကြောင်း သိရသည်။        

Most Read

Most Recent