အမျိုးသမီးများတွင် ကလေးမွေးဖွားသည့် အသက် မြင့်မားလာခြင်းနှင့် အိမ်ထောင်မပြုသူ အချိုး များလာခြင်းကြောင့် ကလေးမွေးဖွားနှုန်း ကျဆင်းလာ

အမျိုးသမီးများတွင် ကလေးမွေးဖွားသည့် အသက် မြင့်မားလာခြင်းနှင့် အိမ်ထောင်မပြုသူ အချိုး များလာခြင်းကြောင့် ကလေးမွေးဖွားနှုန်း ကျဆင်းလာ
Published 5 July 2015

မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ကလေးမွေးဖွားသည့် အသက် မြင့်မားလာခြင်းနှင့် အိမ်ထောင်မပြုသူ အချိုး များလာခြင်းကြောင့် ကလေးမွေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံ၏ အမျိုးသမီး စုစုပေါင်း ကလေးမွေးနှုန်းမှာ ၂ ဒသမ၂၉ ဖြစ်ပြီး အိမ်ထောင်ကျဖူးသူ အမျိုးသမီး တစ်ဦး၏ စုစုပေါင်း ကလေးမွေးနှုန်းမှာ ၄ ဒသမ ၀၃ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမ ကလေးမွေးဖွားသည့် အသက် မြင့်မားလာခြင်းနှင့် အိမ်ထောင်မကျသေးသူ အချိုးအစား များလာခြင်းများကြောင့် ကလေးမွေးဖွားနှုန်းများ ကျဆင်းလာကြောင်း၊ မြို့ပြဒေသတွင် အမျိုးသမီးတစ်ဦး စုစုပေါင်း ကလေးမွေးနှုန်းမှာ ၁ ဒသမ ၈ နှင့် အိမ်ထောင်ကျဖူးသူ အမျိုးသမီး တစ်ဦး၏ စုစုပေါင်း ကလေးမွေးနှုန်းမှာ ၃ ဒသမ ၆ ဖြစ်ပြီး ကျေးလက်ဒေသတွင် အမျိုးသမီးတစ်ဦး စုစုပေါင်း ကလေးမွေးနှုန်းမှာ ၂ ဒသမ ၅ နှင့် အိမ်ထောင်ကျဖူးသူ အမျိုးသမီး တစ်ဦး၏ စုစုပေါင်း ကလေးမွေးနှုန်းမှာ ၄ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ကလေးမွေးနှုန်းများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သိသာစွာ ကွဲပြားကြောင်း သိရသည်။၂၀၁၃ ခုနှစ် အတွင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းကောက်ယူခဲ့သည့် “မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေး” စစ်တမ်းတွင်လည်း မြန်မာနိုင်ငံတွင် အိမ်ထောင်မပြုသူ အချိုး ပိုမိုများလာကြောင်း ထုတ်ပြန်ရေးသားထားသည်။စစ်တမ်းတွင် ဖော်ပြချက်အရ အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်းရှိ အမျိုးသမီးများတွင် အိမ်ထောင်မပြုသည့်နှုန်းသည် ၁၉၇၃ ခုနှစ်က ၇၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၉၂ ဒသမ ၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အသက် ၂၀ မှ ၂၄ နှစ်အတွင်းရှိ အမျိုးသမီးများတွင် ၃၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၆၇ ဒသမ ၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အသက် ၄၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများတွင် ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၁၄ ဒသမ ၈ ရာခိုင်နှုန်းသို့ လည်းကောင်း မြင့်တက်ခဲ့ကြောင်း သိရသည်။ထို့ပြင် အသက် ၁၅ နှစ်မှ ၁၉ နှစ် အတွင်းရှိ အမျိုးသားများတွင် အိမ်ထောင်မပြုသည့် နှုန်းသည် ၁၉၇၃ ခုနှစ်က ၉၂ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၉၅ ဒသမ ၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အသက် ၂၀ မှ ၂၄ နှစ် အတွင်းရှိ အမျိုးသားများတွင် ၅၅ ဒသမ ၂ ရာခိုင်နှုန်းမှ ၇၆ ဒသမ ၇ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အသက် ၄၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသားများတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရသည်။စစ်တမ်းတွင် အမျိုးသမီးများတွင် ၁၉၇၃ ခုနှစ်က အိမ်ထောင်ပြုသည့် အသက်အရွယ်မှာ ၂၁ နှစ်ဝန်းကျင်ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ၂၆ နှစ်သို့ မြင့်တက်ခဲ့ကြောင်း၊ အလားတူ အမျိုးသားများတွင်လည်း ၂၃ နှစ်ဝန်းကျင်မှ ၂၀၀၇ ခုနှစ်တွင် ၂၇ နှစ်ဝန်းကျင်သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။မြို့ပြနှင့် ကျေးလက်ဒေသများတွင် အိမ်ထောင်ပြုသည့် အသက်အရွယ်မှာ အမျိုးသမီးများတွင် ၂၁ နှစ်ဝန်းကျင် ရှိခဲ့ရာမှ ၂၆ နှစ်ဝန်းကျင်သို့ လည်းကောင်း၊ အမျိုးသားများတွင် ၂၄ နှစ်ဝန်းကျင် ရှိခဲ့ရာမှ ၂၈ နှစ်ဝန်းကျင်သို့ လည်းကောင်း မြင့်တက်လာကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။လက်ရှိ မြန်မာနိုင်ငံ၌ ကလေးမွေးဖွားနှုန်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကွဲပြားလျက်ရှိပြီး မွေးဖွားနှုန်းအမြင့်ဆုံး ဒေသများမှာ ချင်းပြည်နယ် ၄ ဒသမ ၄၊ ကရင်ပြည်နယ် ၃ ဒသမ ၄ နှင့် ကယားပြည်နယ် ၃ ဒသမ ၃ တို့ဖြစ်ကြောင်း၊ အနိမ့်ဆုံးဒေသမှာ ရန်ကုန်တိုင်းဒေသကြီး ၁ ဒသမ ၇ နှင့် မန္တလေးတိုင်းဒေသကြီး ၁ ဒသမ ၉ တို့ဖြစ်ကြောင်း သိရသည်။အသက်အုပ်စုအလိုက် ကလေးမွေးနှုန်းသည် အသက်အုပ်စု ၂၅ နှစ်မှ ၂၉ နှစ်အုပ်စုတွင် အမြင့်ဆုံး ဖြစ်နေပြီး အသက်အုပ်စု အားလုံးတွင် မြို့ပြဒေသရှိ အမျိုးသမီးများသည် ကျေးလက်ဒေသရှိ အမျိုးသမီးများထက် မွေးနှုန်း ပိုမိုနိမ့်ကျသည်ကို တွေ့ရှိရကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ သိရသည်။မြန်မာနိုင်ငံ၏ စုစုပေါင်း လူဦးရေ ၅၁ သန်းကျော်တွင် မွေးဖွားမှု၊ သေဆုံးမှုစာရင်း မှတ်ပုံတင်ရေးအဖွဲ့ တင်ပြချက်အရ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း မွေးဖွားဦးရေ ၆၄၅၀၀၀ ကျော်ဖြစ်ပြီး သေဆုံးဦးရေ ၂၃၅၀၀၀ ကျော်ရှိကြောင်း၊ သေဆုံးဦးရေသည် မွေးဖွားဦးရေ၏ ၃၆ ဒသမ ၄၃ ရာခိုင်နှုန်း ရှိသည့်အတွက် လူဦးရေ ၁၀၀ မွေးဖွားတိုင်း ၃၆ ဦး သေဆုံးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။               အိသဉ္ဇာကျော် 

Most Read

Most Recent