မန်စီးတီးနှင့် PSG အသင်းအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို UEFA ပယ်ဖျက်ပေးပြီး ငွေကြေးအကန့်အသတ်မရှိ သုံးစွဲခွင့် ရမည်

မန်စီးတီးနှင့် PSG အသင်းအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို UEFA ပယ်ဖျက်ပေးပြီး ငွေကြေးအကန့်အသတ်မရှိ သုံးစွဲခွင့် ရမည်
Published 5 July 2015

ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) သည် မန်စီးတီးနှင့် PSG အသင်းတို့အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များအား ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပြီး ၎င်းတို့အနေဖြင့် အပြောင်းအရွှေ့ ဈေးကွက်၌ ငွေကြေးအကန့်အသတ်မရှိ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။မန်စီးတီးနှင့် PSG အသင်းသည် UEFA က ချမှတ်ထားသည့် ဘဏ္ဍာရေးမျှခြေ စည်းမျဉ်း (FFP) ချိုးဖောက်ခဲ့သောကြောင့် ပြီးခဲ့သည့်နှစ် မေလက ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ UEFA သည် ၎င်းတို့နှစ်သင်းအား မြင့်မားသည့်ဒဏ်ငွေ ချမှတ်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ကစားသမား ၂၅ ဦးအစား ၂၁ ဦးသာ မှတ်ပုံတင်ခွင့်ပြုရန်၊ အပြောင်းအရွှေ့ အသုံးစရိတ်အား ယူရို သန်း ၆၀ ထက်ပို၍ အသုံးမပြုရန်နှင့် ကစားသမားများ၏ လစာငွေကို နှစ်နှစ်အတွင်း တိုးမြှင့်ခြင်း မပြုရန် စသည့်ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် UEFA သည် ပြီးခဲ့သည့် တစ်ပတ်က ပြုလုပ်ခဲ့သည့် အမှုဆောင်ကော်မတီ အစည်းအဝေး၌ FFP စည်းမျဉ်းအား ပြင်ဆင်ဖြေလျှော့မှု လုပ်ခဲ့သလို မန်စီးတီးနှင့် PSG အသင်းတို့အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များကိုလည်း ပယ်ဖျက်ပေးရန် ဇူလိုင် ၃ ရက်က အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မန်စီးတီးအသင်းသည် ယခု နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း ထိပ်တန်းကစားသမားခေါ်ယူမှု ပြုလုပ်ရန် စီစဉ်ထားပြီး ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာ၊ ဝုလ်ဖ်ဘတ်ကွင်းလယ်လူ ဒီဘရိုင်းနှင့် လီဗာပူးလ်အသင်းမှ စတာလင်တို့ကို ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ၎င်းတို့သုံးဦးအတွက် ယူရို သန်း ၂၁၀ (ပေါင်သန်း ၁၅၀) အထိ အသုံးပြုရန် စီစဉ်ထားပြီး ဗီလာအသင်းခေါင်းဆောင် ဒဲ့လ်ဖ်ကိုလည်း ပေါင်ရှစ်သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သိရသည်။ပေါ့ဘာအား မန်စီးတီးအပြင် PSG နှင့် ဘာစီလိုနာ အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေးမှာ ယူရို သန်း ၁၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent