တိုက်ပွဲဖြစ်ပွားခဲ့သည့် အာရှလမ်းမတွင် ဂိတ်တစ်ခုတည်းထားရှိရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ ဇူလိုင် ၇ ရက်တွင် တွေ့ဆုံမည်ဟု KNU တာဝန်ရှိသူတစ်ဦး ပြောကြား

တိုက်ပွဲဖြစ်ပွားခဲ့သည့် အာရှလမ်းမတွင် ဂိတ်တစ်ခုတည်းထားရှိရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ ဇူလိုင် ၇ ရက်တွင် တွေ့ဆုံမည်ဟု KNU တာဝန်ရှိသူတစ်ဦး ပြောကြား
Published 5 July 2015

တိုက်ပွဲများဖြစ်ပွားခဲ့သည့် မြဝတီ- အာရှလမ်းမပေါ်တွင် ဂိတ်တစ်ခုတည်း ထားရှိရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ ဇူလိုင် ၇ ရက်တွင် ဆက်လက်တွေ့ဆုံသွားမည်ဖြစ်ကြောင်း KNU မှ အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောလှထွန်းက ဇူလိုင် ၄ ရက်က ရန်ကုန်မြို့၊ မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့သော ကရင်အမျိုးသားအကြို ညီလာခံသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
 
“အာရှလမ်းမနဲ့ ပတ်သက်ပြီးတော့  ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကို ကရင်ပြည်နယ်အစိုးရက လာမယ့်ဇူလိုင် ၇ ရက်မှာ ဆွေးနွေးဖို့ရှိပါတယ်”ဟု ပဒိုစောလှထွန်းက ပြောကြားသည်။
 
ကရင်အမျိုးသားအစည်းအရုံး (KNU) အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောလှထွန်းက “အာရှလမ်းမနဲ့ ပတ်သက်ပြီးတော့ ထားရှိရမယ့်ဂိတ်တွေကို အစိုးရနဲ့ ကရင်လက်နက်ကိုင်အဖွဲ့က လူတွေရယ် ညှိနှိုင်းဖို့ ပြုလုပ်ထားပါတယ်။လုပ်ပြီးသွားတဲ့အချိန်မှာ တရားဝင်ထားရှိမယ့် တိုးဂိတ်လိုပုံစံမျိုးကို ဘယ်လိုလုပ်သွားမလဲဆိုတာ အစိုးရနဲ့ ကရင်လက်နက်ကိုင်တွေ ဆွေးနွေးသွားဖို့ အစီအစဉ်တွေ ချထားပါတယ်။ ဂိတ်ကိစ္စနဲ့ ပတ်သက်ပြီးတော့  ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီက ခုနစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ အားလုံးသဘောတူပြီးတော့ ဂိတ်တွေထားရှိမယ်ဆို ပြီး သဘောတူပြီးသားဖြစ်ပါတယ်”ဟု ပြောကြားသည်။
 
အဆိုပါ အာရှလမ်းမပေါ်တွင် လက်နက်ကိုင်တပ်ဖွဲ့အများအပြားက ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြကြောင်း၊ အရပ်ဝတ်များဖြင့် ကောက်ခံမှုများလည်းရှိကြောင်း စုံစမ်းသိရသည်။
 
ဇူလိုင် ၂ ရက်က မြဝတီ ဒေါနတောင်ပတ်လမ်း၊ အာရှလမ်းသစ် တစ်တန်ကူး (နားမကြားဂိတ်)အနီးတွင် တပ်မတော်နှင့် DKBA တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
 
ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့မှုများအပေါ် ကရင်အမျိုးသားအကြိုညီလာခံမှ မေတ္တာရပ်ခံစာတစ်စောင်ကို  ဇူလိုင်  ၃ ရက်က ပေးပို့ခဲ့ကြောင်းလည်း သိရသည်။ မေတ္တာရပ်ခံစာတွင် ကော့ကရိတ်-မြဝတီဒေသ အာရှလမ်းမပေါ်တွင် ဇူလိုင် ၂ ရက် နံနက် အရုဏ်တက်ချိန်မှစ၍ တပ်မတော် နှင့် DKBA တပ်ဖွဲ့ဝင်များအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်း၊ ယင်းပစ်ခတ်တိုက်ခိုက်မှုအပေါ် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီမှ ကော်မတီဝင်များနှင့် ကရင်အမျိုးသား အကြိုညီလာခံသို့ တက်ရောက်လာသော ကရင်အမျိုးသား ကိုယ်စားလှယ်များအနေဖြင့် ငြိမ်းချမ်းရေး ရှေ့ဆက်သွားဖို့အတွက် များစွာစိုးရိမ်မိကြောင်း၊ ငြိမ်းချမ်းရေးကို ရှေးရှု၍ ကရင်အမျိုးသား စည်းလုံးရေး နှင့် ငြိမ်းချမ်းရေးကော်မတီက လည်းကောင်း၊ ကရင်အမျိုးသားအကြိုညီလာခံကို တက်ရောက်လာကြသည့် ကရင်အမျိုးသားခေါင်းဆောင် ကိုယ်စားလှယ်များအနေဖြင့် လည်းကောင်း၊  ဖြစ်ပွားနေသော ပစ်ခတ်တိုက်ခိုက်မှုကို ဖြေလျှော့ရပ်ဆိုင်းပေးရန် နှစ်ဦးနှစ်ဖက် တာဝန်ရှိ ခေါင်းဆောင်များအား ကရင်အမျိုးသား အကြိုညီလာခံကြီးမှ အနူးအညွတ် မေတ္တာရပ်ခံကြောင်း ဖော်ပြပါရှိသည်။ အဆိုပါ မေတ္တာရပ်ခံစာကို ညီလာခံ နာယကများ၊ သဘာပတိအဖွဲ့ဝင်များက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent