ဘားအံမြို့နယ် အိန္ဒဲကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ၏ ရုပ်အလောင်းအား ပြန်လည်တူးဖော်ပြီး ကော့သင်းရှူးကျေးရွာ သုသာန်တွင် မီးသင်္ဂြိုဟ်

ဘားအံမြို့နယ် အိန္ဒဲကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ၏ ရုပ်အလောင်းအား ပြန်လည်တူးဖော်ပြီး ကော့သင်းရှူးကျေးရွာ သုသာန်တွင် မီးသင်္ဂြိုဟ်
Published 5 July 2015

ဘားအံမြို့နယ် အိန္ဒဲကျေးရွာ၌ သေနတ်ဖြင့် ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ အလောင်းအား ဇူလိုင် ၃ ရက်တွင် မြေမြုပ်ခဲ့ပြီး ကရင်ရိုးရာထုံးစံအရ ပြန်လည်တူးဖော်ကာ ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီက ကော့သင်းရှူး ကျေးရွာသုသာန်တွင် ပြန်လည်မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
 
ဇူလိုင် ၂ ရက် နံနက် ၁၂ နာရီ မိနစ်၅၀ ဝန်းကျင်ခန့်က ဘားအံမြို့နယ် အိန္ဒုရဲစခန်းနယ်မြေ ဘားအံ-အိန္ဒု ကားလမ်းနံဘေးရှိ အိန္ဒဲကျေးရွာတွင် ဘားအံမြို့နယ် ကော့သင်းရှူး ကျေးရွာ NLD ဥက္ကဋ္ဌ ဦးစောဂျော်နီ (အသက် ၅၁ နှစ်) မှာ အမည်မသိသူများက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် နေအိမ်အဆင်း လှေကားအနီးတွင် မှောက်လျက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူ ဦးစောဂျော်နီမှာ ကော့သင်းရှူးကျေးရွာမှ အိန္ဒဲကျေးရွာသို့ ပြောင်းရွှေ့နေထိုင်သည်မှာ လပိုင်းသာရှိသေးကာ ယခုကဲ့သု့ိ သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံရခြင်း ဖြစ်သည်။ 
 

 
ဘားအံမြို့နယ် ကော့သင်းရှူးကျေးရွာ NLD ဥက္ကဋ္ဌ ဦးစောဂျော်နီ၏ အလောင်းအား မီးသင်္ဂြိုဟ်နေသည်ကို တွေ့ရစဉ်
 

ကရင်ရိုးရာထုံးစံအရ ယခုကဲ့သို့ သေနတ်ဖြင့် ပစ်သတ်ခံရမှုမျိုးအား (သဘာဝအတိုင်း သေဆုံးခြင်းမဟုတ်) ချက်ချင်း မီးသင်္ဂြိုဟ်လေ့မရှိဘဲ စတိသဘော မြေမြှုပ်ကာ ရက်ပိုင်းအကြာတွင် ပြန်လည်တူးဖော်ပြီး မီးသင်္ဂြိုဟ်ရခြင်းဖြစ်ကြောင်း သိရသည်။ မီးသင်္ဂြိုဟ်ရာသို့ ဦးစောဂျော်နီ၏ မိသားစုဝင်များ၊ ဆွေမျိုးများ၊ NLD မှ လုပ်ဖော်ကိုင်ဖက်များ လာရောက်ခဲ့သော်လည်း ရပ်ရွာအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ လာရောက်ခြင်းမရှိကြောင်း သိရသည်။ သေဆုံးသူ ဦးစောဂျော်နီတွင် မိသားစုငါးယောက်ရှိပြီး ဇနီး၊ အသက် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူ သမီးတစ်ဦး၊ အသက် ၁၁ နှစ်နှင့် အသက် ရှစ်နှစ်အရွယ် သားနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
 
ဦးစောဂျော်နီသည် ဒေသအတွင်းရှိ လယ်ယာမြေပြဿနာအငြင်းပွားမှုများကို ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်ကာ ရပ်ရွာအတွင်း မူးယစ်ဆေးဝါးဆန့်ကျင်သူတစ်ဦးဖြစ်ကြောင်း ရင်းနှီးသူများ၏ ပြောပြချက်အရ သိရသည်။ ယခုကဲ့သို့ နေအိမ်အတွင်း သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ခံရမှုမှာ တရားဥပဒေစိုးမိုးမှု မရှိဖြစ်နေသည်ကို မီးေမောင်းထိုးပြနေကြောင်း သေဆုံးသူနှင့် ရင်းနှီးသူတစ်ဦးက ပြောကြားသည်။
 
အဆိုပါအမှုအား အိန္ဒုနယ်မြေရဲစခန်းက (ပ) ၃၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။ ရဲ ကနဦး စစ်ဆေးချက်များအရ ပစ်ခတ်သည့်ကျည်မှာ ၉ မမ ကျည်ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှ ကျည်ခွံ ၁၀ ခု သိမ်းဆည်းရမိခဲ့ကြောင်း အိန္ဒုနယ်မြေရဲစခန်းမှ သိရသည်။
 

 

ဘားအံမြို့နယ် ကော့သင်းရှူးကျေးရွာ NLD ဥက္ကဋ္ဌ ဦးစောဂျော်နီ၏ အလောင်းအား မီးသင်္ဂြိုဟ်ရန် ပြန်လည်တူးဖော်နေသည်ကို တွေ့ရစဉ်
 

ဦးစောဂျော်နီ အသတ်ခံရမှုနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက သွားရောက်မေးမြန်းရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးမှာ လမ်းကြောင်းလိုက်သွားကြောင်း၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးမှာ အစည်းအဝေး လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာတာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ပြန်လည်ဖြေကြားခဲ့သည်။
 
ကော့သင်ရှူးကျေးရွာမှာ ယခင်နှစ် ကာလများကတည်းက မူးယစ်ဆေး၊ စိတ်ကြွဆေးများနှင့် ပတ်သက်ပြီး နာမည်ကြီးသည့် နေရာတစ်ခုဖြစ်ကြောင်း၊ လက်နက်ပုန်းများလည်းရှိကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများလည်း ဝင်ထွက်သွားလာမှု ပြုလုပ်နေသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ယင်းနေရာမှာ တရားဥပဒေစိုးမိုးမှု အားနည်းသည့် နေရာတစ်ခုဖြစ်ကြောင်း အမည်မဖော်လိုသည့် ဘားအံမြို့ခံအချို့က ပြောကြားခဲ့သည်။
 
 
ဦးစောဂျော်နီ သေဆုံးမှုနှင့်ပတ်သက်သည့် ပြောစကားများ
 
 
“ဦးစောဂျော်နီ အသတ်ခံရတာနဲ့ ပတ်သက်ပြီး မနေ့က အိန္ဒုရဲစခန်းမှူးက မြို့နယ်ရုံးကို လာရောက်တွေ့ဆုံခဲ့ပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် ပူးပေါင်းဆောင်ရွက်ပေးဖို့သူက ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အမှုမှန်ပေါ်ပေါက်အောင် ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ ဦးစောဂျော်နီအနေနဲ့  NLD ပါတီဝင်ဖြစ်တာ နှစ်နှစ်လောက်ရှိပါပြီ။ ကော့သင်းရှူးကျေးရွာ NLD ဥက္ကဋ္ဌဖြစ်တာတော့ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ သူ့အကြောင်း ကျွန်တော်ကြားသိရသလောက်က ရွာမှာ လယ်ယာမြေအမှုလေးတွေ လိုက်လုပ်ပေးလိုက် ကူညီပေးတာရှိတယ်။ မှတ်ပုံတင်မရှိတဲ့သူတွေကို မှတ်ပုံတင်ရရှိအောင် လိုက်ကူညီမှုမျိုးတွေ ရှိတယ်။ အဲဒီလိုလုပ်တော့ရွာက အုပ်ချုပ်ရေးပိုင်းနဲ့ အမြင်မကြည်လင်မှုလေးတွေ ရှိတယ်လို့ သိရပါတယ်။ ကော့သင်းရှူးရွာဘက်ပိုင်းတွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နာမည်ထွက်တယ်။ ဦးစောဂျော်နီက ကျွန်တော်တို့ ပါတီမဝင်ခင်က လှိုင်းဘွဲဘက်မှာ DKBA အဖွဲ့ဝင် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
■ ဦးစောသန်းထွဋ် (ဘားအံမြို့နယ် NLD ဥက္ကဋ္ဌ)
 
 
“အဲဒီနေ့ညက သမီးတို့ အိပ်ပျော်နေတဲ့အချိန်မှာ သေနတ်သံ သုံးချက်ကြားရတယ်။ အဲဒီကျမှ သမီးက နိုးသွားတာ။ သေနတ်သံကြားရတော့ သမီးက အောက်ကို ခုန်ချလိုက်တယ်။ ဘယ်သူ ဘယ်ဝါ ပစ်သွားမှန်းလည်း မသိပါဘူး။ သေနတ်သံတိတ်သွားမှ သမီးက အဖေ့ကို သွားကြည့်တာလဲနေတာ တွေ့ရတယ်။ အဲဒီအချိန်မှာ အဖေက အသက်ရှူသေးတယ်။ သမီးတို့လည်း အနီးပတ်ဝန်းကျင်လူတွေကို အကူအညီတောင်းပြီး ရဲစခန်းကို အကြောင်းကြားခဲ့ရပါတယ်”
 
■ မနန်းခလိန်းလောက်ပိုင် (ဦးစောဂျော်နီ၏ သမီး၊ အခင်းဖြစ်ချိန်တွင် တစ်အိမ်တည်းရှိသူ)
 
 
“အဲဒီညက (ဇူလိုင် ၂ ရက် နံနက်အစောပိုင်း) သေနတ်သံ ဒိုင်းဒိုင်းဒိုင်းဆိုပြီး သုံးချက်လောက် ကြားပါတယ်။ အဲဒီလိုကြားတဲ့အတွက် အိပ်ရာထဲမှာ မြေးတွေကိုဖက်ပြီး နားစွင့်နေခဲ့ပါတယ်။ သေနတ်သံတိတ်မှ ထွက်ကြည့်တော့ ဘယ်သူမှလည်း မတွေ့ဘူး။ သမက်ကတော့ အိမ်အဆင်းလှေကားမှာ သွေးအိုင်ထဲမှာ မှောက်လျက်လဲနေတယ်။ အသက်တော့ ရှူ သေးတယ်။ အဲဒါနဲ့ ပတ်ဝန်းကျင်ကို အကူအညီတောင်း ပတ်ဝန်းကျင်က လူတွေ ရောက်လာတော့ အသက်မရှိတော့ဘူး။ ကျန်တာတော့ ဘာမှမသိပါဘူး”
 
■ ဒေါ်သန်းရွှေ (ဦးစောဂျော်နီ၏ ယောက္ခမ၊ အခင်းဖြစ်ချိန်တွင် တစ်အိမ်တည်းရှိသူ)
 
 
“ဦးဇင်းကတော့ တစ်အိမ်တည်းနေတာ မဟုတ်တဲ့အတွက် ဖြစ်စဉ်ကို အသေးစိတ် မသိခဲ့ရပါဘူး။ ဒါပေမဲ့ အမှုမှန်ပေါ်ပေါက်ဖို့ အလိုရှိပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့ကတော့ ရဲတွေအပိုင်းပဲဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ရဲတိုင်ထားတယ်လို့လည်း သိရပါတယ်”
 
■ ဦးနန္ဒိယ (ဦးစောဂျော်နီ၏  အစ်ကိုဘုန်းကြီး)
 
 
“ဂျော်နီက လယ်ယာမြေပြဿနာတွေ လိုက်ကူညီနေတာ လူတိုင်းသိပါတယ်။ ပြီးတော့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မရှိတဲ့သူတွေကိုလည်းရရှိအောင် ကူညီခဲ့တာတွေ ရှိပါတယ်။ ကျန်တာတွေကိုတော့ ကျွန်တော်မသိပါဘူး”
 
■ ဦးအောင်ချိန် (ကော့သင်းရှူးကျေးရွာ NLD အမှုဆောင်)
 
 
“ဇူလိုင် ၁ ရက် ညနေက သူ (စောဂျော်နီ)နဲ့ ကျွန်တော် အတူတူပြန်လာတာပါ။ ည ၇ နာရီခွဲလောက်မှာ ကျွန်တော်က ကိစ္စတစ်ခုပေါ်တာနဲ့ အခြားရွာကို သွားခဲ့ရတဲ့အတွက် သူဒီလိုဖြစ်တာ မနက်ကျမှသိရတာ။ ကျွန်တော်က ဖြစ်စဉ်ကို မေးကြည့်တော့ သူ့ယောက္ခမက အဲဒီနေ့ညက အိပ်မောကျရုံလောက်ပဲ ရှိသေးတယ်။ သေနတ်သံတွေ ကြားရတယ်။ သူကမြေးတွေကို ကာကွယ်နေခဲ့တယ်။ သေနတ်သံတိတ်တော့ ဂျော်နီက သေနတ်ဒဏ်ရာကြောင့် လဲနေတယ် ပြောတယ်။ ပတ်ဝန်းကျင်ကလည်း သေနတ်သံတွေကို ကြားရတယ်ပြောတယ်။ ဒါပေမဲ့ ဘယ်သူမှ မလှုပ်ရဲကြဘူး ပြောပါတယ်။ အလောင်းမှာ ကျည်ရာ ရှစ်ချက်လောက် တွေ့ရတယ် ပြောပါတယ်။ ဂျော်နီက စိတ်ကောင်းရှိတယ်။ စကားပြောတော့ ကျယ်တယ်။ လယ်ယာမြေကိစ္စ၊ မြေကိစ္စတွေ လိုက်လုပ်ပေးတယ်။ ပြည်သူ့အခက်အခဲကို ဖြေရှင်းပေးနေတဲ့သူ တစ်ယောက်ပါ”
 
■ ဦးစောမောင်ငြိမ်း (ဦးစောဂျော်နီနှင့် အိမ်နီးချင်း၊ အိန္ဒဲရွာ)
 
 
“ဒီကိစ္စ အမှုမှန်ပေါ်ပေါက်လာအောင် ကျွန်တော်တို့ဘက်ကလည်း ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီကိစ္စဟာ တရားဥပဒေစိုးမိုးမှုမရှိလို့ ဖြစ်တာပဲ။ ရပ်ရွာမှာလုံခြုံမှုမရှိဘူး။ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာ လုံခြုံမရှိတော့ဘူး ခံစားရတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်မှာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘေးပတ်ဝန်းကျင်မှာ ကျေးရွာတွေမှာ နေတဲ့သူတွေဟာ ဒီလိုဖြစ်ရပ်မျိုးဖြစ်လာရင် နောက်ဆို ကျွန်တော်တို့က ဘယ်လိုဖြစ်တော့မလဲ။နောက်ဆို မတရားမှုတွေ လုပ်သမျှကို ရင်စည်းခံနေရမလား။ မတရားလုပ်တာတွေကို ကူညီဆောင်ရွက်တဲ့သူတိုင်း အသတ်ခံရမလားဆိုပြီး စိုးရိမ်နေကြတယ်”
 
■ ဦးမောင်မောင် (ဘားအံမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့၊ ဘဏ္ဍာရေးမှူး )
 
 
“ကျွန်မက ထိုင်းမှာ အလုပ်သွားလုပ်နေတာ သုံးနှစ်ကျော်ရှိပါပြီ။ ဒီနေ့သင်္ဂြိုဟ်မယ့်နေ့ (ဇူလိုင် ၃ ရက်)ရောက်မှ ပြန်ရောက်လာတာ ဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ မသိပါဘူး။ ဒါပေမဲ့ ကိုယ့်ယောကျ်ား အခုလိုအဖြစ်မျိုးဖြစ်သွားတော့ စိတ်ထိခိုက်ရပါတယ်။ အမှုမှန်လည်း ပေါ်ပေါက်စေချင်ပါတယ်” ဟု ကရင်စကားပြန်မှတစ်ဆင့် ပြောကြားခဲ့သည်။
 
■ ဒေါ်နန်းမူစေး(ဦးစောဂျော်နီ၏ ဇနီး)

Most Read

Most Recent