ဇွန်လအတွင်း အကောက်ခွန်မဲ့ တင်သွင်းလာသောပစ္စည်းများ တန်ဖိုး ကျပ်သန်း ၄၀၀ နီးပါး ဖမ်းဆီးရမိ

ဇွန်လအတွင်း အကောက်ခွန်မဲ့ တင်သွင်းလာသောပစ္စည်းများ တန်ဖိုး ကျပ်သန်း ၄၀၀ နီးပါး ဖမ်းဆီးရမိ
Published 4 July 2015

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် အကောက်ခွန်နယ်မြေဒေသများမှ ဇွန်လအတွင်း အကောက်ခွန်မဲ့ပစ္စည်းများ တန်ဖိုး ကျပ် ၃၈၈ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
 
ဇွန် ၁ ရက်မှ ၃၀ ရက်အထိ အမှုပေါင်း ၄၅ မှုအထိ ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ငါးမှု၊ ဆိပ်ကမ်းများတွင် ၁၁ မှုနှင့် အကောက်ခွန်နယ်မြေဒေသများမှ ၂၉ မှုအထိ ဖမ်းဆီးရမိခဲ့သည်။
 
ဖမ်းဆီးရမိခဲ့သည့် ပစ္စည်းများကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူပိုင်အဖြစ် သိမ်းဆည်းပြီး အမှုဖွင့်လှစ်ထားကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
 
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးရမိသည့် ငါးမှုတွင် ထူးခြားမှုအနေဖြင့် လေသေနတ်တစ်စုံအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ ဖမ်းဆီးမှု ၁၁ ခုတွင်လည်း အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်းတွင် ကွန်ပျူ တာ၊ ဖုန်းပစ္စည်းများ ပိုမိုတင်သွင်းလာမှုကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။
 
အကောက်ခွန်နယ်မြေဒေသများတွင်မူ မန္တလေးမှ မူဆယ်သို့ မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်မှ ကျပ်သန်း ၁၀၀ ကျော်ရှိ ကျောက်စိမ်းတုံး ကီလို ၁၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးမှုမှာ အစိုးရသစ်လက်ထက်တွင် တွင်ကျယ်စွာ လုပ်ကိုင်ခဲ့မှုကြောင့် တစ်နှစ်ထက် တစ်နှစ် ပိုမိုဖမ်းဆီးရမိထားကြောင်း သိရသည်။
 
ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် အကောက်ခွန်မဲ့ပစ္စည်း ကျပ် ၄ ဒသမ ၅ ဘီလျံကျော်ရှိသည့် ပစ္စည်းများ ဖမ်းဆီးရမိထားကြောင်း အကောက်ခွန်ဦးစီးဌာန မှ ထုတ်ပြန်ထားသည်။
 
အကောက်ခွန်ဦးစီးဌာနသည် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်းအမိန့်များနှင့် အညီ အခွန်ကောက်ခံရန်၊ နိုင်ငံခြားသို့ တင်ပို့ခြင်းနှင့် နိုင်ငံခြားမှ တင်သွင်းသောကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်း အမိန့်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ မရှိ ကြီးကြပ်ရန်၊ တရားမဝင် တင်သွင်း၊ တင်ပို့သောကုန်ပစ္စည်းများအား စုံစမ်းဖော်ထုတ်အရေးယူရန် စသည့်ဆောင်ရွက်ချက်များကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရသည်။
 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်နှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့တွင် တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်းလာသော ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ တားဆီးအရေးယူမှုများ အဓိကပြုလုပ်နေကြောင်း သိရသည်။

Most Read

Most Recent