ရာမို့စ်အား ရောင်းချသင့်သည်ဟု မဲပေးသည့် ပရိသတ် ၅၅ ရာခိုင်နှုန်းရှိ ၊ မန်ယူမှ ထွက်ခွာလိုနေသည့် ဒီဂီယာ မက်ဒရစ်မြို့သို့ ရောက်ရှိနေ

ရာမို့စ်အား ရောင်းချသင့်သည်ဟု မဲပေးသည့် ပရိသတ် ၅၅ ရာခိုင်နှုန်းရှိ ၊ မန်ယူမှ ထွက်ခွာလိုနေသည့် ဒီဂီယာ မက်ဒရစ်မြို့သို့ ရောက်ရှိနေ
Published 4 July 2015

ရီးယဲလ်အသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားသည့် စပိန်လက်ရွေးစင် နောက်ခံလူ ဆာဂျီယိုရာမို့စ်အား ရောင်းချသင့်၊ မသင့် ဆန္ဒမဲတောင်းခံခဲ့ရာ ပရိသတ် ၅၅ ရာခိုင်နှုန်းက ရောင်းချရန် မဲပေးခဲ့ကြောင်း သိရသည်။
 
ယင်းစစ်တမ်းကို စပိန်နိုင်ငံအခြေစိုက် Diario AS  သတင်းစာက ကောက်ယူခဲ့ခြင်းဖြစ်ပြီး ပရိသတ် ၂၅၀၀၀ ကို မေးမြန်းခဲ့ရာ မဲပေးသူ စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းက ရာမို့စ်အား ရောင်းချသင့်သည်ဟု အကြံပြုခဲ့ကြောင်း သိရသည်။ ရီးယဲလ်အသင်း ပရိသတ်များသည် အစောပိုင်းက ရာမို့စ်အား ရောင်းချခြင်းမပြုရန် တားမြစ်ခဲ့သော်လည်း ၎င်းကိုယ်တိုင် အသင်းမှ ထွက်ခွာလိုသည်ဟု ပြောကြားခဲ့ပြီးနောက် ယင်းစစ်တမ်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ရာမို့စ်၏ စာချုပ်မှာ နှစ်နှစ်ကျန်ရှိနေသေးပြီး ၎င်းက တစ်နှစ်လစာ ယူရို ၁၀ သန်းဖြင့် သက်တမ်းတိုးမြှင့်လိုသော်လည်း ရီးယဲလ်အသင်းက လက်ရှိလစာ ယူရို ၇ ဒသမ ၅ သန်းထက်ပို၍ တိုးမြှင့်ပေးချေလိုခြင်းမရှိကြောင်း သိရသည်။ ထို့ကြောင့် ရာမို့စ်ကအသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ မိခင်ကမူ သားဖြစ်သူမှာ စပိန်နိုင်ငံကို စွန့်ခွာလိုခြင်းမရှိဟု ပြောကြားထားသည်။ ရာမို့စ်နှင့် အလဲအထပ်အဖြစ် ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်နေသည့် မန်ယူအသင်း၏ စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာမှာလည်း မက်ဒရစ်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။ ဒီဂီယာသည် နွေရာသီ အားလပ်ရက် အပန်းဖြေရန်အတွက် စပိန် နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂ ရက်က မက်ဒရစ်လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
 
ဒီဂီယာအား ဘာကြောင့် မက်ဒရစ်သို့ ပြန်လာသလဲဟု မေးမြန်းခဲ့ရာ ၎င်းက “အနားယူဖို့ ဒီကိုလာခဲ့တာပါ။ ကျွန်တော် ထွက်လာချိန်မှာ အရာအားလုံးက အဆင်ပြေနေပါတယ်” ဟု ဖြေကြားခဲ့သည်။ မန်ယူအသင်းက ၎င်းအတွက် ပေါင် ၃၅ သန်း အလိုရှိနေသော်လည်း ရီးယဲလ်အသင်းက သန်း ၂၀ ထက်ပို၍ ပေးချေလိုခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent