AFC ၏ ကွင်းပိတ်ပြစ်ဒဏ်ကြောင့် လာမည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ၏ အဖွင့်ပွဲစဉ်ဖြစ်သည့် ဘရူနိုင်းအသင်းနှင့်ပွဲကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားရမည်

AFC ၏ ကွင်းပိတ်ပြစ်ဒဏ်ကြောင့် လာမည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ၏ အဖွင့်ပွဲစဉ်ဖြစ်သည့် ဘရူနိုင်းအသင်းနှင့်ပွဲကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားရမည်
Published 4 July 2015

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၌ ပရိသတ်များ၏  အလွန်အကြူးအားပေးမှုကြောင့် ဆိုင်းငံ့ကွင်းပိတ်တစ်ပွဲ ချမှတ်ထားရာ လာမည့် ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် သက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် အဖွင့်ပွဲစဉ်အဖြစ် ကစားရမည့် ဘရူနိုင်းအသင်းနှင့်ပွဲစဉ်ကို  ပရိသတ်မပါဘဲ ကစားရမည်ဖြစ်သည်။ 
 
မြန်မာဘောလုံးပရိသတ်များသည် ပြီးခဲ့သည့် အာရှ ယူ-၁၉ ပြိုင်ပွဲ အုပ်စုပွဲစဉ်များတွင် အလွန်အကြူးအားပေးမှုများရှိခဲ့ပြီး ကွာတားပွဲစဉ်၌ ယူအေအီးအသင်းအား အနိုင်ရရှိပြီးနောက်ပိုင်းတွင် ကွင်းအတွင်းသို့ ဝင်ရောက်အောင်ပွဲခံခဲ့ရာ AFC က ထပ်တိုး ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ AFC သည်  ထပ်တိုးပြစ်ဒဏ်အဖြစ်  ဒဏ်ကြေး ဒေါ်လာ ၂၄၀၀၀ နှင့် နှစ် နှစ်အတွင်း AFC မှ ကျင်းပသည့် ပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါက အိမ်ကွင်းပွဲစဉ်တစ်ပွဲအား ပရိသတ်မပါဘဲ ကစားရမည့် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ ယူ- ၁၉ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၆ အာရှ ယူ-၁၉ ပြိုင်ပွဲ၏ အုပ်စု(ဆ)ပွဲစဉ်များအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ ယင်းပြစ်ဒဏ်မှာ သက်ရောက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းပါဝင်သော အုပ်စု(ဆ) တွင် အသင်း ငါးသင်း ပါဝင်မည် ဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုပွဲစဉ် လေးပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။  မြန်မာအသင်းသည် ဘရူနိုင်းအသင်းနှင့် ကစားရမည့်ပွဲကို ပရိသတ်မပါဘဲ ကစားရမည်ဖြစ်သော်လည်း ကျန်သုံးပွဲကိုမူ ပုံမှန်အတိုင်း ပရိသတ်များဖြင့် ယှဉ်ပြိုင်ကစားနိုင်မည် ဖြစ်သည်။ 
 
အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို လာမည့် စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

Most Read

Most Recent