ပြည်ပပို့ကုန်အုပ်စုခုနစ်မျိုးအနက် သဘာဝဓာတ်ငွေ့ပါဝင်သည့် စက်မှုကုန်ချောတင်ပို့မှုမှ ရငွေအများဆုံးဖြစ်ပြီး ပုဂ္ဂလိကပိုင်ထက် နိုင်ငံပိုင်တင်ပို့မှုပိုများ

ပြည်ပပို့ကုန်အုပ်စုခုနစ်မျိုးအနက် သဘာဝဓာတ်ငွေ့ပါဝင်သည့် စက်မှုကုန်ချောတင်ပို့မှုမှ ရငွေအများဆုံးဖြစ်ပြီး ပုဂ္ဂလိကပိုင်ထက် နိုင်ငံပိုင်တင်ပို့မှုပိုများ
Published 3 July 2015
ချမ်းမြေ့သူ

ပြည်ပပို့ကုန်အုပ်စုခုနစ်မျိုးအနက် သဘာဝဓာတ်ငွေ့ပါဝင်သည့် စက်မှုကုန်ချောအုပ်စု ပြည်ပတင်ပို့မှုမှရငွေအများဆုံးဖြစ်ပြီး ပုဂ္ဂလိကပိုင်းထက် နိုင်ငံပိုင်တင်ပို့မှုပိုများကြောင်း သိရသည်။    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၆ ရက်အထိ ပြည်ပသို့ပို့ကုန်တင်ပို့မှုမှ ရငွေစုစုပေါင်း ဒေါ်လာ ၂၃၇၈ သန်းကျော်ရှိကြောင်း သိရသည်။    ယင်းကဲ့သို့တင်ပို့ရာတွင် လယ်ယာထွက်ပစ္စည်းအုပ်စုတင်ပို့မှုမှ ဒေါ်လာ ၈၂၄ သန်းကျော်၊ တိရစ္ဆာန်ထွက်တင်ပို့မှုမှ ဒေါ်လာတစ်သန်းကျော်၊ ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၉၄ သန်းကျော်၊ သတ္တုတွင်းထွက်တင်ပို့မှုမှ ဒေါ်လာ ၁၂၃ သန်းကျော်၊ သစ်တောထွက်တင်ပို့မှုမှ ဒေါ်လာသန်း ၄၀ ကျော်၊ စက်မှုကုန်ချောတင်ပို့မှုမှ ဒေါ်လာတစ်ဘီလျံကျော်နှင့် အခြားကုန်စည်မျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၉၆ သန်းကျော် အသီးသီးရရှိထားကြောင်း သိရသည်။    ပြည်ပသို့ပို့ကုန်တင်ပို့မှုပြုလုပ်ရာတွင် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ဟူ၍နှစ်မျိုးခွဲထားပြီး အခြားကုန်စည်အုပ်စုများ ပြည်ပသို့တင်ပို့ရာတွင် ပုဂ္ဂလိကပိုင်တင်ပို့မှုပိုများပြီး စက်မှုကုန်ချောအုပ်စုတင်ပို့မှုတွင်မူ နိုင်ငံပိုင်တင်ပို့မှုမှ ရငွေပိုများကြောင်း သိရသည်။    ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ ဒေါ်လာ ၁၁၉၆ ဒသမ ၅၄၄ သန်းရှိပြီး နိုင်ငံပိုင်တင်ပို့မှုမှ ဒေါ်လာ ၁၀၁၀ ဒသမ ၂၁၀ သန်းနှင့် ပုဂ္ဂလိကပိုင်တင်ပို့မှုမှ ဒေါ်လာ ၁၈၆ ဒသမ ၃၃၄ သန်းဖြစ်ကြောင်း သိရသည်။    စက်မှုကုန်ချောဟုဆိုရာတွင် သဘာဝဓာတ်ငွေ့နှင့်ချုပ်ပြီး အထည်၊ ပလတ်စတစ်ဖြတ်စများနှင့် အခြားကုန်စည်များပါဝင်ပြီး သဘာဝဓာတ်ငွေ့နှင့် ချုပ်ပြီးအထည်များ ပြည်ပတင်ပို့မှုမှ ရငွေပိုများကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် နိုင်ငံခြားကုန်သွယ်မှုပြုရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းတို့မှတစ်ဆင့် တရုတ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ အမေရိကန်နှင့် ဗြိတိန်စသည့်နိုင်ငံတို့နှင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း သိရသည်။    ပြည်ပသို့စက်မှုကုန်ချောတင်ပို့မှုမှရငွေမှာ ယခင်နှစ်တင်ပို့မှုပမာဏထက်ပင်ပိုများပြီး ယခင်ဘဏ္ဍာနှစ်ကာလတူတင်ပို့မှု ပမာဏစုစုပေါင်းမှာ ဒေါ်လာ ၉၄၃ ဒသမ ၃၀၂ သန်းကျော်ရှိပြီး နိုင်ငံပိုင်တင်ပို့မှုမှ ဒေါ်လာ ၇၃၅ ဒသမ ၇၀၇ သန်းရှိပြီး ပုဂ္ဂလိကပိုင်တင်ပို့မှုမှ ဒေါ်လာ ၂၀၇ ဒသမ ၅၉၅ သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။                         

Most Read

Most Recent