ပြည်တွင်းဘဏ်နှင့် လိုင်စင်ရပြည်ပဘဏ်များအကြား ငွေဖြစ်လွယ်မှုအခြေအနေများ ဖလှယ်နိုင်ရန် Interbank Market ဖွံ့ဖြိုးရန်လိုအပ်ဟု OCBC ဘဏ် စီအီးအိုပြောကြား

ပြည်တွင်းဘဏ်နှင့် လိုင်စင်ရပြည်ပဘဏ်များအကြား ငွေဖြစ်လွယ်မှုအခြေအနေများ ဖလှယ်နိုင်ရန် Interbank Market ဖွံ့ဖြိုးရန်လိုအပ်ဟု OCBC ဘဏ် စီအီးအိုပြောကြား
Published 3 July 2015
နွဲ့ယဉ်အေး

မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ်များနှင့် လိုင်စင်ရပြည်ပဘဏ်များအကြား ငွေဖြစ်လွယ်မှုအခြေအနေများကို ဖလှယ်နိုင်ရန် ဘဏ်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သည့်ဈေးကွက် (Interbank Market) ဖွံ့ဖြိုးရန်လိုအပ်နေသည်ဟု လိုင်စင်ရစင်ကာပူမှ OCBC ဘဏ်၏ Group Chief Executive Officer Mr.Samuel N Tsien ကပြောကြားသည်။    "ပြည်တွင်းဘဏ်တွေလုပ်ဆောင်ဖို့လိုအပ်နေတာက Interbank Market ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှသာ ပြည်တွင်းဘဏ်တွေမှာ Asset တွေရဲ့ ငွေဖြစ်လွယ်မှုကို အချင်းချင်းမျှဝေနိုင်မှာဖြစ်ပါတယ်။ ပြည်ပဘဏ်တွေမှာက ဒေါ်လာတွေပိုရှိနေမယ်။ ပြည်တွင်းဘဏ်တွေမှာက ကျပ်ငွေပိုရှိမယ်။ ဒါ့ကြောင့် ငွေဖြစ်လွယ်မှုအခြေအနေတွေကို ဖလှယ်နိုင်ဖို့ Interbank Market ကို လုပ်ဆောင်ဖို့လိုပါမယ်" ဟု ၎င်းကဆိုသည်။    Interbank Market ကိုဖော်ဆောင်ခြင်းဖြင့် နိုင်ငံခြားဘဏ်များကိုလည်း ပြည်တွင်းဈေးကွက်အတွင်း ပိုမိုလှုပ်ရှားသက်ဝင်စေမည်ဟု သိရသည်။    လက်ရှိ မြန်မာနိုင်ငံတွင် Interbank Market မှာ မရှိသလောက်ဖြစ်နေပြီး ဘဏ္ဍာရေးဈေးကွက်များ ပိုမိုဖွံ့ဖြိုးစေရန်မှာ အဆိုပါဈေးကွက်ဖော်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။    OCBC ဘဏ်ကို ရန်ကုန်မြို့ ၄၅ လမ်းရှိ UFC စင်တာ၌ ဇူလိုင် ၂ ရက်တွင် တရားဝင်စတင်ဖွင့်လှစ်ခဲ့ပြီး ဝန်ဆောင်မှုများ စတင်ပေးနေပြီဖြစ်သည်။    OCBC ဘဏ်အနေနှင့် မြန်မာနိုင်ငံဘဏ်ခွဲတွင် အမေရိကန်ဒေါ်လာ ၇၅ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။    ၎င်းဘဏ်သည် နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်တို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။    အဆိုပါနားလည်မှုစာချွန်လွှာတို့မှာ ငွေကြေးစီမံခန့်ခွဲမှု၊ ကုန်သွယ်ရေးဆိုင်ရာ ငွေရေးကြေးရေးပံ့ပိုးဆောင်ရွက်မှုနှင့် ဘဏ္ဍာငွေတိုက်ဆိုင်ရာနည်းနာများ (Treasury Solution) ဟူသော အရေးပါသည့်ကဏ္ဍများအတွက် လေ့ကျင့်သင်ကြားရေးနှင့် စွမ်းရည်တည်ဆောက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ကြရန် အဓိကရည်ရွယ်ကြောင်း သိရသည်။    လက်ရှိ OCBC ရန်ကုန်ဘဏ်ခွဲမှ ငွေကြေးစီမံခန့်ခွဲမှု၊ စီမံကိန်းအလိုက်ငွေချေးမှု၊ နေ့စဉ်လုပ်ငန်းသုံးချေးငွေထောက်ပံ့မှု၊ ကုန်သွယ်ရောင်းဝယ်ရေးဆိုင်ရာ ငွေကြေးဝန်ဆောင်မှု၊ ငွေတိုက်စာချုပ်များနှင့် ငွေကြေးဈေးကွက်ဆိုင်ရာ အကြံပေးဝန်ဆောင်မှု စသည့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို နိုင်ငံခြားကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းများ၊ ပြည်တွင်းဘဏ်များသို့ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။           

Most Read

Most Recent