စတော့အိတ်ချိန်းကုမ္ပဏီ အမည်ခံ Global Growth ကုမ္ပဏီ လိမ်လည်မှုတွင် ရင်းနှီးမြှုပ်နှံသူ ၃၀၀ ဝန်းကျင်ထက်မနည်း အလိမ်ခံရပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးသူများ ပါဝင်သဖြင့် အမှုဖွင့် တိုင်ကြားသူများ ရှိလာ

စတော့အိတ်ချိန်းကုမ္ပဏီ အမည်ခံ Global Growth ကုမ္ပဏီ လိမ်လည်မှုတွင် ရင်းနှီးမြှုပ်နှံသူ ၃၀၀ ဝန်းကျင်ထက်မနည်း အလိမ်ခံရပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးသူများ ပါဝင်သဖြင့် အမှုဖွင့် တိုင်ကြားသူများ ရှိလာ
Published 3 July 2015
ဇော်ဝေ၊ သန်းထိုက်အောင်

စတော့အိတ်ချိန်းကုမ္ပဏီ အမည်ခံ Global Growth ကုမ္ပဏီ ငွေကြေးလိမ်လည်မှုတွင် ရင်းနှီးမြှုပ်နှံသူ ၃၀၀ ဝန်းကျင်ထက်မနည်း လိမ်လည်ခံခဲ့ရပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးရသူများလည်း ပါဝင်ခဲ့သဖြင့် အမှုဖွင့် တိုင်ကြားသူများလည်း ရှိလာကြောင်း အဆိုပါ ကုမ္ပဏီတွင် ငွေကြေးထည့်ဝင်ခဲ့ကြသူများက ပြောကြားသည်။ကုမ္ပဏီတွင် ဝန်ထမ်းအဖြစ် ရှစ်လနီးပါး ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကျပ်သိန်း ၅၀ ထည့်ဝင်ခဲ့သူ တစ်ဦးက “ကျွန်တော်က သိန်း ၅၀ ပဲ ဆုံးရှုံးတာ။ တချို့ကတော့ ကျပ်သိန်းတစ်ထောင်ကျော်လောက်အထိ ပါတဲ့သူလည်း ရှိတယ်။ ကျွန်တော်က Account ပိုင်းက မဟုတ်တော့ အတိအကျတော့ မသိဘူး” ဟု ဆိုသည်။Global Growth ကုမ္ပဏီသည် တရုတ်လူမျိုး မစ္စတာအန်းဆိုသူက တည်ထောင်ထားခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ထုတ်ပေးသည့် လက်မှတ်ဟုဆိုသော စာရွက်စာတမ်းများအရ ကုမ္ပဏီကို ၃၁၉၆/၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက် ရက်စွဲဖြင့် ထုတ်ပေးထားခြင်းဖြစ်ကြောင်းလည်း သိရသည်။“ကျွန်မတို့ အနေနဲ့ ကျောက်တံတား ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ကျွန်မအနေနဲ့ သူငယ်ချင်းတစ်ယောက်ဆီကနေ အဆက်အသွယ်ရပြီး လုပ်မိတာပါ။ ကျွန်မအနေနဲ့ ဘာမှမပြောတတ်တော့ပါဘူး” ဟု ကျပ်သိန်းပေါင်း ၁၈၀၀ ကုမ္ပဏီ၏ လိမ်လည်မှုခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။အဆိုပါ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူများကို စည်းရုံးရာတွင် ဟောင်ကောင်အခြေစိုက် Standard Bullion ရုံးခွဲအဖြစ် ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဆော့ဖ်ဝဲတစ်ခုကို အသုံးပြု၍ ဈေးကွက်ကျွမ်းကျင်သူ နိုင်ငံတကာရွှေဈေးနှင့် အဓိက ငွေကြေးများဖြစ်သည့် ဒေါ်လာ၊ ယူရိုစသည်တို့ကို ကစားပေးပြီး တစ်လလျှင် အကျိုးအမြတ်အဖြစ် ရင်းနှီးမြှုပ်နှံသူများကို သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအကြားတွင် လိမ်လည်မှုမဖြစ်ခင် မေလအထိ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကိုယ်တိုင်ဝင်ရောက် ကစားပါက Account တစ်ခုလျှင် ဒေါ်လာတစ်သောင်း (ကျပ်သိန်း ၁၀၀) လိုအပ်သည့် SB (Standard Bullion) နှင့် ကျပ်သိန်း ၅၀ မှ စတင်ထည့်ဝင်နိုင်သည့် တစ်လလျှင် ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အမြတ်အစွန်းရသည့် GGIP (Global Growth Investment Program) ဟူ၍ နှစ်မျိုးရှိပြီး ကိုယ်တိုင်ဘဏ် Account ဖွင့်လှစ်ကာ ကစားနေသူများ အနေဖြင့် ဆုံးရှုံးမှု မရှိသေးကြောင်းလည်း သိရသည်။ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံသူများထံမှ လိမ်လည်ရရှိသွားခဲ့သည့် ငွေကြေးပမာဏမှာ ကျပ်သိန်း ၁၆၀၀၀၀ (ဒေါ်လာ ၁ ဒသမ ၄၈ သန်း) ဖိုးဖြစ်ကြောင်း အရောင်းမြှင့်တင်ရေး လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။ Standard Bullion Account သို့ တိုက်ရိုက်ဝင်သွားပြီး ဆုံးရှုံးခြင်း မရှိသေးသည့် ငွေကြေးမှာလည်း ယင်းပမာဏအောက် မနည်း ရှိကြောင်းလည်း အဆိုပါဝန်ထမ်းက ပြောကြားသည်။ပြည်တွင်းတွင် Global Growth ကဲ့သို့ ပြည်ပအခြေစိုက် စတော့အိတ်ချိန်း ကုမ္ပဏီများ၏ လက်ခွဲအဖြစ် နိုင်ငံတကာ ရွှေဈေး၊ ဒေါ်လာ၊ ယူရို စသည်တို့ကို ဝင်ရောက်ကစားရန် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှုလုပ်နေသည့် ကုမ္ပဏီငါးခု အနည်းဆုံးရှိမည် ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent