ဒီမိုကရေစီပညာရေး ပင်မသပိတ်မှ ဖမ်းဆီးခံကျောင်းသားနှင့် ဝန်းရံပြည်သူများအနက် ခုနစ်ဦးကို ထောင်စည်းကမ်း ဖောက်ဖျက်မှုဖြင့် တိုက်ပိတ်ခဲ့ပြီး အကျဉ်းထောင် အက်ဥပဒေပုဒ်မဖြင့် တရားစွဲမည်ဟု သတင်းများထွက်ပေါ်

ဒီမိုကရေစီပညာရေး ပင်မသပိတ်မှ ဖမ်းဆီးခံကျောင်းသားနှင့် ဝန်းရံပြည်သူများအနက် ခုနစ်ဦးကို ထောင်စည်းကမ်း ဖောက်ဖျက်မှုဖြင့် တိုက်ပိတ်ခဲ့ပြီး အကျဉ်းထောင် အက်ဥပဒေပုဒ်မဖြင့် တရားစွဲမည်ဟု သတင်းများထွက်ပေါ်
Published 2 July 2015
ဉာဏ်ဝင်းရှိန်၊ သက်မင်း

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများအနက် ခုနစ်ဦးကို ထောင်စည်းကမ်း ဖောက်ဖျက်မှုဖြင့် တိုက်ပိတ်ခဲ့ပြီး အကျဉ်းထောင် အက်ဥပဒေပုဒ်မဖြင့် ထောင်အာဏာပိုင်များမှ တရားစွဲမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။
ဇွန် ၃၀ ရက် ရုံးချိန်းက ဖမ်းဆီးခံကျောင်းသားများမှ ထောင်အတွင်းသို့ ယူဆောင်ခွင့် ပိတ်ပင်တားမြစ်ထားသည့် ဆေးလိပ်များ ထပ်မံယူဆောင် လာခဲ့သည့်အပြင် စစ်ဆေးသည့် အကျဉ်းထောင် တာဝန်ရှိသူများအား မချေမငံ ဆက်ဆံသည့်အတွက် ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံသူများအနက်မှ ခုနစ်ဦးကို တိုက်ပိတ်ပြစ်ဒဏ်ပေး ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီ အကျဉ်းထောင်မှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ဇူလိုင် ၁ ရက်က ပြောကြားသည်။
ထိုကဲ့သို့ တိုက်ပိတ်ခဲ့သည့်ဖြစ်စဉ် မှန် မမှန် သိရှိနိုင်ရန်အတွက် သာယာဝတီ အကျဉ်းထောင်သို့ ဇူလိုင် ၁ ရက်က The Daily Eleven သတင်းစာမှ သွားရောက်အတည်ပြု မေးမြန်းခဲ့ရာ ထောင်ပိုင်ကြီးက အကျဉ်းထောင် တာဝန်ရှိသူ တစ်ဦးမှတစ်ဆင့် ဖြေကြားခဲ့ရာတွင် ခုနစ်ဦးကို တိုက်ပိတ်သည်မှာ ဟုတ်မှန်ကြောင်း၊ ထိုသို့တိုက်ပိတ်ရခြင်း အကြောင်းမှာ ထောင်စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်သည့် အတွက်ဖြစ်ကြောင်းနှင့် ဆေးလိပ်များ ထပ်မံယူဆောင်လာသည့်အပေါ် အကျဉ်းထောင် လက်စွဲဥပဒေဖြင့်  တရားစွဲမစွဲ ဆိုသည်မှာ အထက်ညွှန်ကြားချက် မရသည့်အတွက် လက်ရှိတွင် ပြောမရသေးကြောင်း ဖြေကြားခဲ့သည်။
အကျဉ်းထောင် လက်စွဲဥပဒေ အပိုဒ် ၃၇၃ (တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများ) အပိုဒ်ခွဲ (ခ) တွင် ဆေးလိပ်သောက်ရန်၊ ဆေးဝါးရန ်(သို့) ရှူရှိုက်ရန် ပစ္စည်းများဖြစ်သော ဆေးရွက်ဆေးတံများ၊ ကျလင်များ အစရှိသည်တို့ ဖြစ်သည်ဟု ပါရှိပြီး မည်သူမဆို အကျဉ်းထောင် လက်စွဲဥပဒေ အပိုဒ်- ၃၇၃ ပါ တားမြစ်ပိတ်ပင် ထားသောပစ္စည်း တစ်စုံတစ်ရာအား အကျဉ်းထောင်အတွင်းသို့ သွင်းခြင်း၊ အကျဉ်းထောင် အတွင်းမှ အပြင်သို့ ထုတ်ခြင်း၊ ထိုသို့ပြုလုပ်ရန် ကြိုးစားခြင်း၊ ဆက်သွယ်ခြင်း၊ ကမ်းလှမ်းခြင်းများ ပြုလုပ်လျှင် အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ ၄၂ အရထောင်ဒဏ် ခြောက်လ (သို့)ငွေဒဏ် ၂၀၀ (သို့) ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ထိုသို့ တရားရင်ဆိုင် နေရစဉ်အတွင်း တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ခံရမှုအပေါ် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ဒီလိုတရားရင်ဆိုင်နေရတဲ့ အချိန်အတွင်းမှာ တိုက်ပိတ်တဲ့ ပြစ်ဒဏ်ချတာက ဗိုလ်နေဝင်း အစိုးရခေတ် ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်တို့ မျက်မှန်တင်ဦးတို့ ခေတ်တွေကပဲ လုပ်တာဗျ။ ကိုလိုနီ အစိုးရကလည်း တရားရင်ဆိုင် နေရစဉ်အတွင်း တိုက်ပိတ်တာတွေ မရှိဘူးလို့ ပြောလို့ရတယ်။ ဦးနုလက်ထက်မှာလည်း မရှိခဲ့ဘူး။ လုပ်ချင်သလိုလုပ်ခဲ့တာ အကျဉ်းထောင် လက်စွဲဥပဒေတွေနဲ့လည်း ကိုက်ညီတာမျိုး မရှိခဲ့ဘူး။ အခုဒါမျိုးတွေ ပြန်တွေ့နေရပါပြီ” ဟု သုံးသပ်သည်။
ပြီးခဲ့သည့် ဇွန် ၁၆ ရက် ရုံးချိန်းအပြီး ဖမ်းဆီးခံကျောင်းသား ၃၅ ဦးမှ တားမြစ် ပိတ်ပင်ထားသည့် ဆေးလိပ်များကို ထောင်အတွင်းသို့ ယူဆောင်လာသဖြင့် ထောင်အာဏာပိုင်များမှ လူတွေ့ထောင်ဝင်စာကို အနိမ့်ဆုံး နှစ်ပတ်မှ ခြောက်ပတ်အထိ ပိတ်ပင်ခဲ့မှုကို ဆန့်ကျင်သည့် အနေဖြင့် ဖမ်းဆီးခံ ကျောင်းသားများအားလုံး လူတွေ့ထောင်ဝင်စာ အတွေ့မခံဘဲ ထောင်အာဏာပိုင်များကို သပိတ်မှောက်နေကြောင်း သိရသည်။
 
                                      
        

Most Read

Most Recent