နိုင်ငံတကာ ဆန်ဈေးကွက်သို့ ဆန်တင်ပို့မှု အများဆုံးစာရင်းဝင် နိုင်ငံအဖြစ် ပြန်လည်ရပ်တည်ရန် ဆန်စပါးအသင်းချုပ် လုပ်ဆောင်မည်

နိုင်ငံတကာ ဆန်ဈေးကွက်သို့ ဆန်တင်ပို့မှု အများဆုံးစာရင်းဝင် နိုင်ငံအဖြစ် ပြန်လည်ရပ်တည်ရန် ဆန်စပါးအသင်းချုပ် လုပ်ဆောင်မည်
Published 2 July 2015
မြတ်စုနိုင်

နိုင်ငံတကာ ဆန်ဈေးကွက်သို့ ဆန်တင်ပို့မှု အများဆုံးစာရင်းဝင် နိုင်ငံအဖြစ် မြန်မာနိုင်ငံသည် ကမ္ဘာတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး လက်ရှိ အဆိုပါနေရာတွင် ပြန်လည်ရပ်တည်နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
“အရင်က ပြည်ပကို ဆန်တင်ပို့မှုအများ ဆုံးနိုင်ငံမှာဆိုရင် မြန်မာနိုင်ငံက ထိပ်ဆုံးက ရပ်တည်ထားတာပါ။ အခုလက်ရှိမှာ ဆန်တင်ပို့မှု အများဆုံး စာရင်းဝင်နိုင်ငံအဖြစ် ပြန်လည်ရပ်တည်နိုင်ဖို့ကို လုပ်ဆောင်နေပါတယ်။ အခုကတော့ တရုတ်ဈေးကွက်က တင်ပို့မှု အများဆုံးပါ။ ဥရောပဈေးကွက်ကိုလည်း လက်ရှိထက် တင်ပို့နိုင်အောင် လုပ်ဆောင်သွားမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထိုသို့ ပြန်လည်ရပ်တည် နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများမှ ကြိုးပမ်းလျက် ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် နိုင်ငံပေါင်း ၆၄ နိုင်ငံသို့ ဆန်တင်ပို့ ရောင်းချလျက်ရှိကာ ၂၅ မှတ်ဆန်များကို အများဆုံးတင်ပို့ ရောင်းချနေပြီး မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်တင်ပို့ လာနိုင်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် ၁၄ သန်းခန့်အထိ ထွက်ရှိနေပြီး ထွက်ရှိသည့် ဆန်များအနက် ဆန်တန်ချိန်  ၁၂ သန်းခန့်ကို ပြည်ပသို့ တင်ပို့ရောင်းချလျက် ရှိသောကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၈ သန်း အထိ တင်ပို့ရောင်းချနိုင်ခဲ့သဖြင့် အမြင့်ဆုံး စံချိန်တင် တင်ပို့ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းမှ ထွက်ရှိသည့် ဆန်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှတစ်ဆင့် အာရှ၊ အာဖရိကနှင့် ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချနေပြီး တရုတ်နိုင်ငံ ဈေးကွက်သို့ နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တင်ပို့ရောင်းချ နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှု အကြီးမား ဆုံးဈေးကွက်မှာ နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တင်ပို့ရောင်းချနေသည့် တရုတ်နိုင်ငံ ဈေးကွက်ဖြစ်ပြီး EU နိုင်ငံများသို့လည်း လက်ရှိထက် ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်းလည်း သိရသည်။
ထို့ပြင် ဇွန်လပထမပတ်တွင် မူဆယ်၊ လွယ်ဂျယ်နှင့် တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ဒေါ်လာ ၉ ဒသမ ၆၈၀ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၂၈၉၅၀ တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်းလည်း သိရသည်။
၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၅ ရက် အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃၅၇၄၀၀ တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၅၂၀၀၀ ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ဇူလိုင်လတွင် သွားရောက်မည့် ဥရောပသမဂ္ဂဈေးကွက် ခရီးစဉ် နောက်ပိုင်းကာလတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုအ ခြေအနေမှာ ပိုမိုမြင့်တက် လာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
 

Most Read

Most Recent