ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ လူဦးရေ နှစ်ထောင်နီးပါး အကူအညီမရ ဖြစ်နေ

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ လူဦးရေ နှစ်ထောင်နီးပါး အကူအညီမရ ဖြစ်နေ
Published 2 July 2015
သားရွှေဦး (ကစ္ဆပ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ လူဦး ရေနှစ်ထောင်နီးပါး အကူအညီမရဘဲရှိနေ ကြောင်း အမ်းမြို့နယ်ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြုအဖွဲ့မှသိရသည်။
ယင်းအပြင် ရေနစ်မြုပ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ တပ်မတော်သားတစ်ဦး အပါအဝင် ရေနစ်မြုပ်မှုကြောင့် ငါးဦးအထိ သေဆုံးခဲ့ရကြောင်း သိရသည်။
“အခုလောလောဆယ်ကောက်တဲ့ စာရင်းအရဆိုရင် ကျေးရွာပေါင်း ၂၅ ရွာ၊ အခု လောလောဆယ်မှာ ရှိထားတဲ့ စာရင်းအရဆိုရင် ၂၄၃ အိမ်ကတော့ ရေထဲပါသွားတယ်။ ၉၅ အိမ်က တစ်ဝက်ပျက်စီးပါတယ်။ ၁၉၆၉ ဦးက ရေဘေးဒုက္ခသည်ကတော့ အကူအညီမရသေးတဲ့ လူတွေဖြစ်တယ်။ ဆိုးရွားတဲ့စခန်း မော်ရွာ၊ အောက်ရွာရယ်။ မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်၊ အခုကျွန်တော်တို့ သတင်းထုတ်ပြန်ပေးဖို့ ရှိပါတယ်။ နောက်ပြီးရင် ကူညီတဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို အကူအညီ တောင်းသွားမှာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး စခန်းကတော့ မရှိပေမယ့် နီးစပ်ရွာမှာ ဖြစ်သလိုနေနေရတဲ့ အတိုင်းအတာ ရှိပါတယ်။ လူအသေအပျောက်က ရထားတဲ့ သတင်းအတိအကျက ငါးဦးဖြစ်ပါတယ်။ အဲဒီငါးဦးထဲမှာ ကိုးတန်းကျောင်းသား မောင်မြတ်ဌေး ၁၃ နှစ်၊ စရွဲရွာ၊ ၇၅၇ တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦး၊ ဦးဝင်းလှိုင် ၃၉ နှစ် တိုက်မော်ရွာ၊ ကျော်သိန်း ၁၈ နှစ် ကိုးတန်းကျောင်းသား အောက်ရွာ၊ ဦးသိန်း ၅၀ နှစ် နေပူတောင်ရွာတို့ ဖြစ်ပါတယ်” ဟု  အမ်းမြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလွင်က ပြောကြားသည်။
ရေဘေးကို အဓိကခံစားခဲ့ရသည့် ကျေးရွာများမှာ စခန်းမော်၊ လုံးရွာ၊ ပြောင်းခြောက်၊ တိုက်မော်၊ ပဲပဒုံ စသည့်ကျေးရွာများမှာ ဒေသခံများ အကူအညီ လိုအပ်နေကြောင်းနှင့် လက်ရှိတွင် သက်ဆိုင်ရာမှ လမ်းပြုပြင်မှုများ ဆောက်ရွာနေပြီဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့နေသည်များ မရှိတော့ကြောင်း သိရသည်။
သို့ရာတွင် ရေတွင်း၊ ရေကန်များ ရေလွှမ်းခဲ့ရသဖြင့် လက်ရှိတွင် သောက်သုံးရေအခက်အခဲ ရှိနေကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ မပြတ်လိုအပ်နေကြောင်းလည်း ဦးမျိုးလွင်က ပြောကြားသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းသည် ဇွန် ၃၀ ရက်က သံတွဲမြို့နယ် ရေဘေးသင့် အိမ်ထောင်စု (၁၀၆) စု၊ ကျား (၁၉၂) ဦး၊ မ (၂၂၇) ဦး၊ စုစုပေါင်း (၄၁၉) ဦး တို့အတွက် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို အိမ်ထောင်စု တစ်စုခြင်းအလိုက် ပေးအပ်ခဲ့ပြီး သံတွဲမြို့နယ် ရေဘေးသင့်နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး သဘာဝရေ ဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် သံတွဲ-ဂွ ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၁၀/၂၇)ပေ ၄၀ တံတား၊ မိုင်တိုင်အမှတ် (၁၀/၂၇)ပေ၂၀ တံတား၊ မိုင်တိုင်အမှတ် (၈/၂၇)  ပေ၂၀ တံတားများ ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။        

Most Read

Most Recent