ပုဇွန်တောင်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်များအား ဖောက်ထွင်းခိုးယူသည့် မျက်နှာဖုံးစွပ် ကျူးလွန်သူကို သာကေတမြိုနယ်၌ ဖမ်းဆီးရမိ

ပုဇွန်တောင်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်များအား ဖောက်ထွင်းခိုးယူသည့် မျက်နှာဖုံးစွပ် ကျူးလွန်သူကို သာကေတမြိုနယ်၌ ဖမ်းဆီးရမိ
Published 2 July 2015

ပုဇွန်တောင်မြို့နယ်အတွင်း ရွှေဆိုင် တစ်ဆိုင်မှ ရွှေထည်များအား ဖောက်ထွင်းခိုးယူခဲ့သည့် မျက်နှာဖုံးစွပ် ကျူးလွန်သူကို သာကေတမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မြင့်ထွေးထံမှ ဇူလိုင် ၁ ရက်တွင် စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့  ဖောက်ထွင်းကျူးလွန်သူမှာ သာကေတမြို့နယ်နေ ဇေလင်းထက် (ခေါ်) ဖားသိုး (၂၀) နှစ်ဆိုသူ ဖြစ်ကြောင်းသိရပြီး ယခင်က ပုဇွန်တောင်မြို့နယ်အတွင်း စည်ပင်နေ့စားဝန်ထမ်း လုပ်ခဲ့ဖူးကာ ခိုးမှုနှစ်ကြိမ် ကျူးလွန်ဖူးသူဖြစ်ကြောင်း သိရသည်။
“အခင်းဖြစ်ပွားတဲ့နေရာကို အရင်စစ်ဆေးတယ်။ ပြီးတော့ ဆိုင်မှာတပ်ဆင်ထားတဲ့ စီစီတီဗီ မှတ်တမ်းတွေကို စစ်ဆေးတဲ့အခါမှာ ကျူးလွန်သူဟာ ဆိုင်အနောက်ဘက်ကို ဖောက်ထွင်း ဝင်ရောက်တာကို တွေ့ရတယ်။ ကျူးလွန်သူဟာ ဆိုင်ကိုဝင်ဝင်ချင်း စီစီတီဗီ တပ်ဆင်ထားတာတွေကို တွေ့ရတော့ ဝင်လာတာကို ရပ်ပြီး ဝတ်လာတဲ့ အင်္ကျီကိုချွတ် မျက်နှာကို မမှတ်မိအောင် ဖုံးလိုက်တယ်။ ပြီးတော့မှ ဆိုင်ထဲက ပစ္စည်းတွေကို ခိုးယူသွားတာ ဖြစ်ပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ထွေးက ပြောကြားသည်။
ဆက်လက်၍ ၎င်းက “ဆိုင်အနောက်ဘက်တံခါးကို သံချောင်းနဲ့ ဦးစွာဖောက်ထွင်းတာ ဖြစ်ပါတယ်။ ခိုးယူသွားတဲ့ သက်သေခံ ပစ္စည်းတွေကိုတော့ ရောင်းချဖို့အတွက် အပ်နှံထားတဲ့ နေအိမ်တစ်အိမ်ကနေ သိမ်းဆည်းရမိပါတယ်။ ကျူးလွန်သူကိုတော့ ရမန်ယူပြီး အခြားပြစ်မှုတွေ ကျူးလွန်ထားခြင်း ရှိမရှိကိုလည်း ဆက်လက် စစ်ဆေးသွားမှာပါ” ဟု ပြောကြားသည်။
ယင်းကဲ့သို့ ကျူးလွန်သူမှာ မျက်နှာအား ဖုံးအုပ်ထားသည့်အတွက် ၎င်း၏ ခန္ဓာကိုယ်ပုံစံကို ခန်းမှန်းတိုင်းဆ၍ ခိုးမှုပြစ်ချက်ဟောင်း ရှိသူများအား စစ်ဆေးစဉ်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါ ပြစ်ချက်ဟောင်း ရှိသူများအား မစစ်ဆေးမီ ဆိုင်တွင်ရှိသည့် ဝန်ထမ်းများအား ဦးစွာစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားသည့် နေ့ရက်တွင် ဆိုင်ပိုင်ရှင်မှာ နိုင်ငံခြားသို့ ခေတ္တရောက်ရှိနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် နံနက် ၃ နာရီခန့် က ပုဇွန်တောင်မြို့နယ် ၄၉ လမ်းတွင် ဖွင့်လှစ်ထားသော ရွှေနန်းထိုက် အမည်ရှိ ရတနာရွှေဆိုင်ကို မျက်နှာဖုံးစွပ် အမျိူးသားတစ်ဦးက ဆိုင်အနောက်ဘက်ရှိ ပြတင်းပေါက်အား ဖျက်ကာ ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ငွေကျပ်သိန်း ၁၅၀ ခန့် တန်ဖိုးရှိ ရွှေနားကပ်နှင့် နားဆွဲ ၁၈၅ ရန်အား ခိုးယူခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား ပုဇွန်တောင်မြို့မ ရဲစခန်းမှ (ပ)၁၄၀/၁၅၊ ပုဒ်မ-၃၈၀ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent