ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက်တွင် မဲစာရင်းတွင် ပါဝင်သူ ကိုးထောင်ကျော်အနက် ငါးထောင်ကျော်မှာ မှားယွင်းနေမှုကြောင့် မြေပြင်အချက်အလက်များ ပြန်လည်ကောက်ယူမည်

ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက်တွင် မဲစာရင်းတွင် ပါဝင်သူ ကိုးထောင်ကျော်အနက် ငါးထောင်ကျော်မှာ မှားယွင်းနေမှုကြောင့် မြေပြင်အချက်အလက်များ ပြန်လည်ကောက်ယူမည်
Published 1 July 2015
မင်းသူဝင်းထွဋ်၊ ဝဏ္ဏ

ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် အခြေခံမဲ စာရင်းတွင် မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ် ပြည့်ပြီးသူ ၉၈၃၂ ဦးရှိသည့်အနက် လူဦးရေ ငါးထောင်ကျော်မှာ မဲစာရင်း မှားယွင်းနေမှုကြောင့် ပြန်လည်ဖြည့်စွက် ပြင်ဆင်နိုင်ရန် ခက်ခဲနေခြင်းကြောင့် မြေပြင်အချက်အလက်များ ပြန်လည်ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။အမှတ် (၈) ရပ်ကွက်တွင် မဲပေးခွင့်ရှိသူ ကျား ၄၄၀၈ ဦး၊ မ ၅၄၂၄ ဦး စုစုပေါင်း မဲစာရင်းတွင် ပါဝင်၍ မဲပေးခွင့်ရှိသူ ၉၈၃၂ ဦးတွင် လူဦးရေငါးထောင်ကျော်မှာ အမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်များ မှားယွင်းနေခြင်း၊ ရပ်ကွက်တွင်း မရှိသူများ ပါဝင်နေပြီး ရပ်ကွက်အတွင်း လက်ရှိနေထိုင်သူများ မပါဝင်ခြင်းများကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်ထားသည့် ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်ရန် ပုံစံများနှင့် လုပ်ဆောင်နိုင်ခြင်း မရှိဘဲ၊ မြေပြင်ကွင်းဆင်းကာ မဲစာရင်းများအား ပြန်လည်ကောက်ယူသွားမည်ဖြစ်ကြောင်း အမှတ် (၈) ရပ်ကွက် ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။“မဲစာရင်းက အရမ်းအမှားများနေတော့ ပြင်ဆင်ဖို့ မလွယ်တော့ဘူး၊ ကျွန်တော်တို့ တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်း လိုက်လံစစ်ဆေးပေးတဲ့ အခါမှာ အိမ်တိုင်းလိုလိုမှာ တစ်အိမ်လုံးမှာ နေတာမျိုး ဖြစ်နေတယ်၊ အမှားက ရာခိုင်နှုန်း ၅၀ ကျော်နေပြီး အရမ်းအမှားများနေတော့ ပြင်ဆင်ဖို့ မလွယ်တော့ဘူး၊ ဒါ့ကြောင့် ရပ်ကျေးကော်မရှင်နဲ့ သွားတိုင်ပင်လိုက်တော့ သူတို့က သူတို့မြေပြင်က အချက်အလက်တွေကို ကောက်ယူခဲ့တုန်းက ရရှိခဲ့တဲ့ အချက်အလက်တွေ ပါဝင်တဲ့ စာရင်းစာအုပ် ၁၈ အုပ်ကို ကော်မရှင်ကနေ ပြန်တောင်းပြီးတော့ စာရင်းတွေ တိုက်စစ်မယ်လို့ ပြောတယ်၊ သူတို့ တင်ပေးလိုက်တုန်းက မှန်တယ်ပေါ့ ကော်မရှင်က ထုတ်ပြန်တော့မှ မှားသွားတာလို့ ပြောတယ်၊ အမှားအရမ်းများနေတော့ ရပ်ကျေးကော်မရှင်က သတ်မှတ်တဲ့ ပုံစံတွေနဲ့ လာပြီးတော့ ပြင်ဆင်တာတွေ မလုပ်ပါနဲ့တော့ သူတို့မြေပြင် အချက်တွေကို ပြန်ကောက်ယူပြီး မှန်အောင်လို့ လုပ်ပေးမယ်လို့ ပြောတယ်၊ သူတို့ မဲစာရင်းပြင်ပြီးမှ တစ်ခေါက် ပြန်စစ်ရမယ် ဖြစ်နေတာပေါ့၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ကို ဇူလိုင် ၂ ရက်မှာ ကျွန်တော်တို့ ပါတီရယ် အရပ်ဘက် အဖွဲ့တွေရယ် ကော်မရှင်နဲ့ ဆုံဖို့ရှိတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမှတ်(၈)ရပ်ကွက် ရပ်ကျေးဥက္ကဋ္ဌဖြစ်သူ ဦးစိုးလင်းက ဆိုသည်။မဲစာရင်းများ မှားယွင်းမှုများ များပြားနေခြင်းမှာ မြေပြင်စာရင်း ကောက်ယူစဉ်က လိုအပ်ချက်များကြောင့်ဖြစ်ကြောင်း အမှတ် (၈) ရပ်ကွက် ရပ်ကျေးကော်မရှင်မှ သိရသည်။“ကျွန်တော်တို့ ကောက်ယူစဉ်က မွေးသက္ကရာဇ်တွေက မြန်မာလို ပြောတွေရှိတော့ အခု အမှားများတာပါ၊ အခု မဲစာရင်းမှာ တစ်စုံကို ရပ်ကွက်ရုံးမှာ ဆက်ကပ်ထားပြီးတော့ အပိုတစ်စုံကို မိတ္တူကူးပြီးတော့ နယ်မြေအလိုက် တာဝန်ခံတွေကနေ တစ်အိမ်တက်တစ်အိမ်ဆင်း ပြန်လိုက်ပြီးတော့ စစ်မယ်၊ လိုအပ်တဲ့ ပြင်ဆင်ဖြည့်စွက်ချက်တွေကို ပုံစံတွေ တစ်ခါတည်း ယူသွားပြီးတော့ ပြင်ဆင်လိုက်မယ်၊ ပြန်လည်ကောက်ယူပြီးတော့မှ ပါတီတွေကနေ ကောက်ယူထားတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ ပြင်ဆင်ထုတ်ပြန်ဖို့ လုပ်ဆောင်နေပါတယ်” ဟု အမှတ် (၈) ရပ်ကွက် ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောကြားသည်။ပုသိမ်မြို့တွင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၇၅ အုပ်စု ရှိသည့်အနက် မဲစာရင်းများ ထုတ်ပြန်ရာတွင် အမှတ် (၂) ရပ်ကွက် အခြေခံမဲဆန္ဒရှင် စာရင်းများတွင် လမ်းအမည်များ အိမ်နံပါတ်များ မပါဝင်နေခြင်း၊ ချောင်းသာကျေးရွာ အခြေခံမဲဆန္ဒရှင် စာရင်းတွင် ရာခိုင်နှုန်း ၉၀ ခန့် မှားယွင်းနေခြင်းများ ဖြစ်ပေါ်နေပြီး၊ ပုသိမ်မြို့နယ် တစ်ခုလုံးရှိ အခြေခံမဲဆန္ဒရှင် စာရင်းများတွင် အမှားအယွင်းများမှာ ရာခိုင်နှုန်း ၅၀ မှ ရာခိုင်နှုန်း ၈၀ အထိ မှားယွင်းနေကြောင်း ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲစာရင်းစစ်ဆေးမှု မှတ်တမ်းများအရ သိရသည်။အလားတူ သာစည်မြို့နယ် အခြေခံမဲဆန္ဒရှင် စာရင်းအား ဇွန် ၂၂ ရက်က စတင်ကြေညာခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းလေးသောင်းကျော်ရှိနေပြီး ရပ်ကွက်ကျေးရွာများတွင် ကြေညာထားသည့် မဲဆန္ဒရှင် စာရင်းများမှာ ကြည့်ရှုရန် လွယ်ကူမှု မရှိခြင်း၊ ဦး/ဒေါ် မှားယွင်းခြင်း၊ အမည် မှားယွင်းခြင်း၊ နာမည်စာရင်းကျန်ခြင်း စသော အမှားအယွင်းများနှင့် ကြုံတွေ့နေရကြောင်း မဲဆန္ဒရှင် ပြည်သူများနှင့် သာစည်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။“သာစည်မဲစာရင်းကတော့ မှားတယ်။ ရွာတွေမှာ လူများတော့ ကျေးရွာစာရင်းက ပိုများတယ်။ အမှားမရှိတဲ့ ကျေးရွာ၊ ရပ်ကွက် မရှိဘူး၊ ဦး/ဒေါ် မှားတယ်။ နာမည် ကျန်တယ်။ မှတ်ပုံတင်နံပါတ် မှားတယ်။ မှတ်ပုံတင်နံပါတ် မပါဘူး။ သာစည်မှတ်ပုံတင်နဲ့ TZI နံပါတ်တွေရော ပါတယ်။ မဲစာရင်းမှာ သေတဲ့လူတွေ ပါတယ်။ မဲစာရင်းတိုင်း စစ်ကြည့်ရင် အမှားတွေ များနေတော့ စစ်ရမှာကို စိတ်ကုန်လာပြီ။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ကို မဲစာရင်းစစ်တဲ့ နေရာမှာတင် အချိန်ကုန်အောင် အမှားတွေချည်း ထည့်ထားသလား သုံးသပ်မိတယ်” ဟု သာစည်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောကြားသည်။သာစည်မြို့နယ် မြို့ပေါ် (၇) ရပ်ကွက်တွင် အခြေခံမဲဆန္ဒရှင် ၁၆၄၅၂ ဦး၊ ကျေးရွာအုပ်စု (၈၀) အုပ်စုတွင် အခြေခံမဲဆန္ဒရှင် ၁၂၄၇၃၆ ဦးရှိပြီး စုစုပေါင်းမဲဆန္ဒရှင် ၁၄၁၁၈၈ ဦးရှိကာ မဲရုံပေါင်း ၂၅၀ ရှိမည်ဖြစ်ကြောင်း သာစည်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

Most Read

Most Recent