(၅၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ကြမ်းခင်းဈေး ယူရို ၆ သိန်းတန် ပတ္တမြားရိုင်းအား ယူရို ၈ သိန်းကျော်ဖြင့် ပြည်တွင်းကုန်သည်တစ်ဦးက ဝယ်ယူခဲ့ပြီး ဈေးအမြင့်ဆုံး ရရှိခဲ့

(၅၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ကြမ်းခင်းဈေး ယူရို ၆ သိန်းတန် ပတ္တမြားရိုင်းအား ယူရို ၈ သိန်းကျော်ဖြင့် ပြည်တွင်းကုန်သည်တစ်ဦးက ဝယ်ယူခဲ့ပြီး ဈေးအမြင့်ဆုံး ရရှိခဲ့
Published 1 July 2015
နေရိုင်း၊ ကျော်မျိုး

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် (၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကြမ်းခင်းဈေး ယူရို ၆ သိန်းဖြင့် သတ်မှတ်ထားသော ပတ္တမြားရိုင်းတုံး နှစ်တုံးအား ယူရို ၈ သိန်း ၁ သောင်းဖြင့် ပြည်တွင်းကုန်သည် တစ်ဦးက ဝယ်ယူခဲ့ပြီး ကျောက်မျက်ရောင်းချမှုများအနက် ဈေးအမြင့်ဆုံး ရရှိခဲ့ကြောင်း သိရသည်။“ပြည်တွင်းရတနာကုန်သည် တစ်ဦးက ဝယ်ယူခဲ့တာပါ။ တင်ပြ အခြေခံဈေးက ယူရို ၆ သိန်းပါ၊ ရောင်းချရတဲ့ ဈေးနှုန်းကတော့ ၈၀၁,၀၀၀ ပါ။ ပတ္တမြားရိုင်း နှစ်ပွင့်ပါ” ဟု ကျောက်မျက်ရောင်းဝယ်ရေးဌာန၊ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်က ပြောကြားသည်။ဒုတိယအများဆုံးအဖြစ် ကြမ်းခင်းဈေး ၃၆၀,၀၀၀ ဖြင့် ပြသထားသော မိုင်းရှူး ပတ္တမြားရိုင်းတုံးအား ယူရို ၃၇၀,၀၀၀ ဖြင့် ရောင်းချခဲ့ရသည်။ယခု ကျောက်မျက်ပြပွဲတွင် ဈေးအမြင့်ဆုံးဖြစ်သော ကြမ်းခင်းဈေး ယူရို ၅ သန်းဖြင့် ပြသခဲ့သည့် ဖရဲအူပုံဆောင်ခဲမှာမူ ရောင်းချခဲ့ရခြင်း မရှိကြောင်း ပြပွဲဗဟိုကော်မတီမှ သိရသည်။ဇွန်လ ၂၇ ရက်တွင် ကျောက်မျက်တွဲ စုစုပေါင်း ၃၂၃ တွဲ ပြသခဲ့ပြီး တင်ဒါစနစ်ဖြင့် ကျောက်မျက်တွဲ ၈၅ တွဲမှ ယူရို ၁ ဒသမ ၃၄ သန်း၊ ဈေးပြိုင်စနစ်ဖြင့် ကျောက်မျက်တွဲ ၄၁ ပွဲမှ ၄ ဒသမ ၁၅ သန်း၊ စုစုပေါင်းအတွဲ ၁၂၆ တွဲမှ ယူရိုငွေ ၅ ဒသမ ၄၉ သန်း ရရှိခဲ့သည်။ကျောက်မျက်တွဲ ရောင်းချရမှုတွင် ထိုင်းကုန်သည် ခုနစ်ဦးမှ ၁၃ တွဲ၊ တရုတ်ကုန်သည် နှစ်ဦးမှ ၅ တွဲ၊ စင်ကာပူ တစ်ဦးက ၇ တွဲ၊ မလေးရှားတစ်ဦးက ၁၆ တွဲ၊ ပြည်တွင်းကုန်သည် ၁၉ ဦးမှ ၈၅ တွဲ စသည်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ဝယ်ယူမှုများတွင် ပြည်ပကုန်သည်များထက် ပြည်တွင်းကုန်သည်များက ဝယ်ယူမှုများကြောင်း သိရှိရသည်။   

Most Read

Most Recent