နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွင် သတင်းသမားများအပေါ် တရားစွဲဆိုနေခြင်းကို ရပ်တန့်သင့်ကြောင်း နယူးယောက်တိုင်းမ် ရေးသား

နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွင် သတင်းသမားများအပေါ် တရားစွဲဆိုနေခြင်းကို ရပ်တန့်သင့်ကြောင်း နယူးယောက်တိုင်းမ် ရေးသား
Published 1 July 2015
အေသင်

နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွင် မြန်မာနိုင်ငံမှ သတင်းသမားများအား တရားစွဲဆိုနေခြင်းကို ရပ်တန့်သင့်ကြောင်း အမေရိကန် အခြေစိုက် နယူးယောက်တိုင်းမ် သတင်းစာက ရေးသားလိုက်သည်။၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂ ရက် (ယနေ့) ထုတ် The International New York Times သတင်းစာတွင် ဖော်ပြသည့် Myanmar's  War on the Press ခေါင်းစဉ်ဖြင့် ရေးသားထားသော အယ်ဒီတာ့အာဘော်၌ အဆိုပါ အကြောင်းအရာအား အကျယ်တဝင့် ရေးသားခဲ့ခြင်းဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်မှုရှိစေရန် သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်းလည်း ရေးသားထားသည်။မြန်မာအစိုးရ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် သတင်းသမား ၁၁ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး သတင်းသမားတစ်ဦးဖြစ်သူ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအား မြန်မာစစ်တပ်မှ စစ်ဆေးမည်ဟု ဖမ်းဆီးခေါ်ဆောင်သွားပြီးသည့်နောက် ထွက်ပြေးသည်ဆိုသော အကြောင်းပြချက်ဖြင့် အသေပစ်သတ်ခဲ့သည့် အကြောင်းကိုလည်း ထည့်သွင်းရေးသားထားသည်။ ပြီးခဲ့သည့် မေလက သတင်းထောက်များအား လွှတ်တော်အတွင်း သတင်းရယူရာတွင် ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်ခဲ့ခြင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် The Daily Eleven သတင်းစာမှ အယ်ဒီတာချုပ် အပါအဝင် သတင်းသမား (အယ်ဒီတာ) ၁၇ ဦးကို တရားစွဲဆိုခဲ့ခြင်းကိုလည်း မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ မေးခွန်းထုတ်ထားသည်။အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် သတင်းသမားများအား တရားစွဲဆို ဖမ်းဆီးထောင်ချနေခြင်းကို ရပ်တန့်သင့်ကြောင်း တိုက်တွန်းထားပြီး ထောင်ကျခံနေရသူ သတင်းသမားများကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးသင့်သည်ဟု ဆိုထားသည်။ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် The Daily Eleven သတင်းစာမှ သတင်းသမားများအား ရာဇဝတ်မှုအဖြစ် တရားစွဲဆိုထားခြင်းကို ဖြေလျှော့ပေးသင့်သည်ဟုလည်း သုံးသပ်ထားပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် မရရှိလျှင် လာမည့်ရွေးကောက်ပွဲသည် တရားမျှတ၍ စစ်မှန်သည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်မည် မဟုတ်ဟု ရေးသားထားသည်။Eleven Media Group မှ အယ်ဒီတာ ၁၇ ဦး တရားစွဲခံရခြင်းအပေါ် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအသင်း (WAN-IFRA)၊ Freedom House၊ နိုင်ငံတကာ ဂျာနယ်လစ် ဖက်ဒရေးရှင်း (IFJ) နှင့် အရှေ့တောင်အာရှ ဂျာနယ်လစ်သမဂ္ဂ (SEAJU) တို့ကလည်း ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent