သာယာဝတီခရိုင် တရားရုံးရှေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြခဲ့သူအား ရုံးချိန်း ငါးကြိမ်မြောက်တွင် ပုဒ်မ ၅၀၅ (ခ)၏ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ်နှစ် ချမှတ်

သာယာဝတီခရိုင် တရားရုံးရှေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြခဲ့သူအား ရုံးချိန်း ငါးကြိမ်မြောက်တွင် ပုဒ်မ ၅၀၅ (ခ)၏ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ်နှစ် ချမှတ်
Published 1 July 2015
ဝေလင်း(ပြည်)

သာယာဝတီခရိုင် တရားရုံးရှေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြခဲ့သူအား ရုံးချိန်းငါးကြိမ်မြောက်တွင် ပုဒ်မ ၅၀၅ (ခ)၏ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ အမိန့်ချမှတ်မှုကို ဇူလိုင် ၁ ရက်နေ့လယ်က အဆိုပါ တရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီပညာရေး ရရှိရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုဖြင့် သာယာဝတီ အကျဉ်းထောင်တွင် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ကျောင်းသားများ ရုံးထုတ်ရာတွင် တရားရုံးရှေ့၌ ဦးသိန်းစိန် အစိုးရအဖွဲ့အား ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် မေ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲက ပြည်မြို့နေအိမ်တွင် မြို့နယ်တရားသူကြီး၏ ဖမ်းဝရမ်းဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ပြီး ယခုလို အမိန်ချမှတ်ခဲ့ခြင်းဖြစ်သည်။“သမာသမတ်ကျစွာ အမိန့်ချစေချင်တာ ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်နေတာ၊ ဦးသိန်းစိန်မကောင်းရင် မကောင်းဘူး၊ ဦးဉာဏ်ဝင်း မကောင်းရင် မကောင်းဘူး၊ ဦးသက်ထွန်း မကောင်းရင် မကောင်းဘူးပြောဖို့က ကျွန်တော်တို့ ပြည်သူတွေမှာ တာဝန်ရှိတယ်။ အဲဒီလို လုပ်တာကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲတယ်ဗျာ။ အညိုကြည်ပျက်အောင် မလုပ်ဘူး။ ပြည်သူတွေ အကြည်ညိုပျက်အောင်လုပ်တာ မဟုတ်ဘူး။ မကောင်းတာတွေကို ပြင်စေချင်လို့ ပြတာဗျ။ ကျွန်တော်တို့ ဆီမှာက အကြမ်းဖက်မှုတွေ လူမဆန်စွာ လုပ်တာတွေ များတော့ ဒါတွေကို ပြင်ဆင်စေချင်လို့ နာအောင်လုပ်တာ၊ ဒါကို သူတို့က လက်မခံဘူးဗျ” ဟု အမိန့်မချမီ သာယာဝတီ တရားရုံးချုပ်တွင် ကိုဝင်းလှိုင်က ပြောကြားသည်။အဆိုပါအမှုအား အကျိုးဆောင်ရှေ့နေ မပါဝင်ဘဲ ကိုဝင်းလှိုင်ကိုယ်တိုင် လျှောက်လဲချက်ဖြင့် ရုံးချိန်းငါးချိန်း ရင်ဆိုင်ခဲ့ပြီး နောက်ဆုံးရုံးချိန်းတွင် အမိန်ချမှတ်ခဲ့ကာ ကျောင်းသားများ ရုံးချိန်းရက်တိုက်သည့် နေ့များတွင် သီးခြားအဖြစ် ညနေ ၄ နာရီခန့်မှသာ ရုံးတင်စစ်ဆေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။တရားရုံးက ထောင်ဒဏ်နှစ်နှစ် ချမှတ်အပြီး တရားခွင်မှ ပြန်လည်ထွက်ခွာလာသည့် ကိုဝင်းလှိုင်က “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိဘူးလို့ ပြောချင်တယ်။ ဖွဲ့စည်းပုံအခြေခံရပြတယ်။ သမ္မတကို ဆန္ဒပြတဲ့ ဒီမိုကရေစီနိုင်ငံထဲမှာ ထောင်ချတာ မြန်မာနိုင်ငံပဲ ရှိမယ်ဆိုတာ ထင်ရှားနေတယ်။ မြန်မာနိုင်ငံမှာ လူဖြစ်ရတာ တိုက်ပွဲတွေ ဝင်ရအုံးမယ်။ ဦးသိန်းစိန်အစိုးရ၊ နောက်တက်လာမယ့် အစိုးရ ဒီမိုကရေစီရဖို့ စိတ်မချရသေးဘူး။ ဦးသိန်းစိန်ကို ဆန္ဒပြတာ သူ့အကြည်ညိုပျက်အောင်လုပ်တာ မဟုတ်ဘူးဗျ။ သူ့တာဝန် ကျေစေချင်လို့။ ပြဿနာတစ်ခု တက်လာလိုက် အကြမ်းဖက် ဖြိုခွင်းလိုက်နဲ့ အဖြေမှန် မဟုတ်ဘူး။ ဖြေရှင်းပေးနေရင် ကျွန်တော်တို့ လမ်းပေါ်တက်စရာ မလိုဘူးဗျ။ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်နေရအုံးမှာပဲဗျ” ဟု အမိန့်ချမှတ်ခဲ့မှုကို ပြောကြားခဲ့ပါသည်။ကိုဝင်းလှိုင်မှာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုများ အပါအဝင် အခြားဆန္ဒထုတ်ဖော်မှုများကြောင့် ပုဒ်မ(၁၈)ဖြင့် ထောင်(၃)လ နှစ်ကြိမ်၊ ဒဏ်ငွေ (၁၀၀၀၀) သုံးကြိမ်၊ အပြစ်ပေးခံခဲ့ရပြီး၊ ပြည်မြို့နယ် တရားရုံးတွင် ပုဒ်မ (၁၈) ရှစ်မှုနှင့် ပုဒ်မ (၁၉) တစ်မှုတို့ကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။        

Most Read

Most Recent