မုံရွာပြည်သူ့ ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးဖြင့် ဆေးကုသမှု ခံယူနေသည့် ကလေးငယ် များပြားနေမှုကြောင့် နေရာအခက်အခဲ ကြုံတွေ့နေရ

မုံရွာပြည်သူ့ ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးဖြင့် ဆေးကုသမှု ခံယူနေသည့် ကလေးငယ် များပြားနေမှုကြောင့် နေရာအခက်အခဲ ကြုံတွေ့နေရ
Published 1 July 2015
စိုးမိုးထွန်း (မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ကလေးဆောင်တွင် ယခုလအတွင်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံတက်ရောက်နေကြရသည့် ကလေးငယ် များပြားမှုကြောင့် ဆေးရုံတက်လူနာနှင့် ခုတင်မမျှမတဖြစ်ပြီး နေရာအခက်အခဲကြောင့် ကလေးကုသဆောင်၏ အပြင်ဘက် နေရာများတွင် နေထိုင်ကာ ဆေးဝါးကုသမှုများ ခံယူနေရကြောင်း ဆေးကုသမှု လာရောက်ခံယူနေကြသည့် ကလေးငယ်၏ မိဘများထံမှ သိရသည်။မုံရွာပြည်သူ့ဆေးရုံကြီးသို့ ရေဦးမြို့မှ လာရောက်ပြီး ဆေးဝါးကုသမှု ခံယူနေသည့် ကလေးငယ် မိခင်ဖြစ်သူ ဒေါ်နီက “နေရာကတော့ မလွယ်ဘူး။ ကိုယ့်ရင်သွေးရဲ့ အသက်ဘေးအတွက်ဆိုတော့ အဆင်ပြေသလိုပဲ နေထိုင်ပြီး ဆေးကုရရင် ပြီးတာပဲဆိုပြီး နေရတယ်။ ကျွန်မတို့ မရောက်ခင်ကတည်းက ကလေးတွေ ပြည့်နေပြီ။ နောက်ထပ်သာ ထပ်ရောက်လာမယ်ဆိုရင် သူတို့ ဘယ်လိုစီစဉ်မယ် မသိဘူး။ အခုလို  အပြင်ဘက်မှာတောင် နေရာရဖို့ အတော်လေး ဦးထားရတယ်။ ဒီနေ့ နံနက်ဆိုရင် ထပ်ရောက်လာတဲ့ ကလေးတွေ ရှိသေးတယ်” ဟု ဇူလိုင် ၁ ရက်က ဆိုသည်။မုံရွာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းညွန့်က “လောလောဆယ်မှာ နေရာအခက်အခဲတော့ ရှိတယ်။ အခုလက်ရှိ ကလေးဆောင်မှာ နေရာမဆံ့သူတွေကို ခွဲစိတ်ဆောင်မှာ နေရာစီစဉ်ပြီး အဆင်ပြေအောင် ဆောင်ရွက်နေပါတယ်။ အခုလက်ရှိထက် များလာခဲ့ရင်တော့ မျက်စိကုသဆောင်နဲ့ သံဃာဆောင်မှာပါ နေရာစီစဉ်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ် လုပ်ငန်းစဉ်များ ဆောင်ရွက်ချိန်များ၌ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု ရှိမှသာ ထိရောက်မည်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် ခြင်အမျိုးအစားမှာ ရေကြည်ရေသန့်များတွင်သာ ပေါက်ပွားသဖြင့် နေအိမ်ရှိ ရေကန်၊ ရေအိုးတွေကို အဖုံးဖုံးသည့်စနစ် ကျင့်သုံးဖို့ လိုအပ်ကြောင်း ဒေါက်တာသန်းညွန့်က ဆက်လက်ပြောကြားသည်။ဇွန် ၂၉ ရက်မှ ဇူလိုင် ၁ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြင့် ရောက်ရှိလာသည့် ကလေးငယ် ၅၆ ယောက်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ ယနေ့အထိ စာရင်းအရ သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ပြီး ဆေးဝါးကုသမှု ခံယူသူ ၅၅၇ ဦးရှိကြောင်း သိရသည်။သွေးလွန်တုပ်ကွေးရောဂါကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသမှု ခံယူမည့် မြို့များထဲတွင် ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်မှ အများဆုံးဖြစ်ပြီး မုံရွာမြို့မှာ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။ ကနီ၊ ဘုတ လင်၊ ချောင်းဦး၊ ရေဦး၊ အရာတော်၊ ယင်းမာပင်၊ ပုလဲမြို့နယ်များမှလည်း လာရောက်ပြီး ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

Most Read

Most Recent