ဒေါ်လာဈေး ကောင်းနေခြင်းနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းလာခြင်း အပါအဝင် အချို့သော စီးပွားရေးဆိုင်ရာ ညွှန်းကိန်းများအရ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း IMF က သတင်းထုတ်ပြန်

ဒေါ်လာဈေး ကောင်းနေခြင်းနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းလာခြင်း အပါအဝင် အချို့သော စီးပွားရေးဆိုင်ရာ ညွှန်းကိန်းများအရ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း IMF က သတင်းထုတ်ပြန်
Published 1 July 2015
အငယ်ထွေး၊ နီလာ

ဒေါ်လာဈေး ကောင်းနေခြင်းနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းလာခြင်း အပါအဝင် အချို့သော စီးပွားရေးတိုးတက်မှုကို ဟန့်တားသည့် အကြောင်းအရင်းများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ၂၀၁၅ Article IV ခရီးစဉ်အပြီး ဇူလိုင် ၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာသည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း၊ ဒေါ်လာတန်ဖိုး အားကောင်းနေခြင်း၊ သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျလာခြင်းတို့က မြန်မာနိုင်ငံ၏ ဘတ်ဂျက်နှင့် ပြည်ပငွေပေးငွေယူ အခြေအနေများကို ပိုမိုအားလျော့လာစေနိုင်ကြောင်း၊ ချေးငွေများ အလျင်အမြန် တိုးပွားလာနေခြင်း၊ ဘတ်ဂျက်လိုငွေ ချဲ့ထွင်လာခြင်းနှင့် ကုန်သွယ်ရေးလိုငွေပြမှု မြင့်မားလာခြင်းတို့ကြောင့် ဈေးနှုန်းတည်ငြိမ်မှုနှင့် ပြည်ပနှင့် အပေးအယူ တည်ငြိမ်မှုတို့အပေါ် အန္တရာယ်ရှိလာနိုင်ကြောင်းလည်း ဖော်ပြထားသည်။ထို့ကြောင့် ဘဏ္ဍာရေးကဏ္ဍကို အလျင်အမြန် လွတ်လပ်ခွင့်ပြုလိုက်ခြင်းသည် ယေဘုယျအားဖြင့် အကျိုးဖြစ်ထွန်းစေသော်လည်း စနစ်တကျ ကိုင်တွယ်စီမံသင့်ကြောင်း၊ အဆိုပါ အန္တရာယ်များသည် စွမ်းဆောင်ရည် အားနည်းမှုများနှင့် မူဝါဒကြားခံများ အားနည်းနေသောကြောင့် စီးပွားရေးအပေါ် ထိခိုက်လာနိုင်ကြောင်းလည်း ဖော်ပြထားသည်။“မြန်မာနိုင်ငံမှာ ဒေါ်လာဈေးနှုန်း တက်တာကြောင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာတာမျိုးတွေ တွေ့ရတယ်။ တစ်ဖက်မှာလည်း သွင်းကုန်က မြင့်တက်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ မှန်ကန်တဲ့ အစီအမံတွေလုပ်ဖို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံသို့ ရောက်လာသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ခေါင်းဆောင် Mr. Yon gzheng Yang က ဇူလိုင် ၁ ရက်တွင် ရန်ကုန်မြို့ရှိ Chatruim ဟိုတယ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန် ဂျီဒီပီသည် ၈ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခဲ့သည်။ ပုဂ္ဂလိကကဏ္ဍသို့ ချေးငွေထုတ်ချေးပေးမှုသည် အလျင်အမြန် တိုးတက်နေခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ၃၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရေးလိုငွေပြမှု ၅ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ကြောင်း၊ သွင်းကုန်အလုံးအရင်းနှင့် တိုးတက်များပြားလာသည့်အတွက် သာမန်ငွေပေးငွေယူရှင်းတမ်း လိုငွေပြမှုသည် ဂျီဒီပီ၏ ခြောက်ရာခိုင်နှုန်းအထိ ဆက်လက်ကြီးထွားလာခဲ့ကြောင်း၊ အလားတူ ဗဟိုဘဏ်၏ လက်ဝယ်ရှိ နိုင်ငံခြားအရန်ငွေ ပမာဏသည် သွင်းကုန်တန်ဖိုး သုံးလစာအောက်တွင် ဆက်လက်ရပ်တည်နေခဲ့ကြောင်း၊ ကျပ်ငွေတန်ဖိုးမှာလည်း သိသိသာသာ ကျဆင်းလာကြောင်း ဖော်ပြထားသည်။ယင်းကဲ့သို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ထုတ်ချေးငွေ တိုးပွားလာမှုကို ထိန်းကွပ်ရန်အတွက် ငွေကြေးဆိုင်ရာ မူဝါဒများကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ ဈေးကွက်တွင် ပိုလျှံနေသည့် ငွေဖြစ်လွယ်မှု အခြေအနေများကို ရှင်းလင်းဖယ်ရှားပစ်နိုင်ရန် အပ်ငွေလေလံများကို တိုးမြှင့်ဆောင်ရွက်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဘဏ်များ၏ အရန်ငွေ လိုအပ်ချက်ကို အသစ်သတ်မှတ်ပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြထားသည်။

Most Read

Most Recent