ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်းပိုင်းပျက်စီးမှုများတွင် အမ်းမြို့၌ အများဆုံးဖြစ်

ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်းပိုင်းပျက်စီးမှုများတွင် အမ်းမြို့၌ အများဆုံးဖြစ်
Published 1 July 2015
သန်းလှိုင်(စစ်တွေ)

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ကားလမ်းများကို ရေကျော်ခဲ့ သဖြင့် လမ်းပိုင်းလေးနေရာပျက်စီးခဲ့ရာ အမ်းတွင် ပျက်စီးမှုအများဆုံးဖြစ်ခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်း ရှောင်ကွင်းလမ်းများဖြင့် လုပ်ဆောင်ခဲ့သဖြင့် ကားများယာယီသွား လာနိုင်ပြီဖြစ်ရာ ကုန်စည်နှင့် ခရီးသည်တင် ကားများ ပိတ်ဆို့နေမှုမရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။ရခိုင်ပြည်နယ်အတွင်း ကားလမ်းပိုင်းအချို့ပျက်စီးခဲ့သော်လည်း ယာယီရှောင်ကွင်း လမ်းများဖောက်လုပ်လိုက်ပြီ ဖြစ်သည့်အတွက် ကားများ သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။"အခုသွားလို့ရနေပါပြီ။ ဒီနေ့မနက်မှာ ကားတွေသွားနေပါပြီ။ ကားလမ်းကို တချို့ နေရာတွေကိုပြင်ပြီး တချို့နေရာတွေကို တော့ ရှောင်ကွင်းလမ်းပုံစံမျိုး လုပ်လိုက်တဲ့ အတွက် အဆင်ပြေသွားပါပြီ။ ကားတွေလည်း ပိတ်မိနေတာ မရှိတော့ပါဘူး။ ခရီးသည်တွေ ကားတွေလည်း သွားလို့ရပါပြီ။ ကုန်ကား တွေကလည်း သွားလို့ရသွားပြီ" ဟု အမ်းမှ ဒေသခံတစ်ဦးဖြစ်သူ ဒေါ်သွယ်သွယ်စိုးက ပြောကြားသည်။ယင်းသို့ သွားလာရေးအဆင်ပြေသွား ပြီဖြစ်သော်လည်း ကားလမ်းပိုင်းများအား အမာခံလုပ်ဆောင်ထားခြင်း မဟုတ်ကြောင်းနှင့် ကားလမ်းပိုင်းများအားလုံးကို ဇူလိုင် လပထမပတ်အတွင်း အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။"ကားလမ်းပျက်တာတွေကို တနင်္ဂနွေ နေ့ကတည်းက လုပ်တော့လုပ်နေပါတယ်။ဒါ ကြောင့် တစ်ပတ်လောက်အတွင်းမှာ အပြီး လုပ်မယ်လို့တော့ စီမံထားတယ်။ ကားလမ်း ကနေ ကုန်စည်မစီးဆင်းဘူးဆိုရင် ကုန်ဈေးနှုန်းတွေ တက်သွားနိုင်တဲ့အတွက် အမြန်ဆုံးဖြစ်အောင်တော့ လုပ်ဖို့ဆွေးနွေးစီစဉ်နေပါတယ်။ နည်းပညာကျွမ်းကျင်တဲ့သူတွေကလည်း အဲဒီနေရာကို ရောက်ရှိတိုင်းတာပြီးပြီ။ သူတို့ကလည်း တစ်ပတ်လောက်အချိန်ယူရမယ်လို့ပြောတယ်။ အခုဆိုရင်တော့ ကားအသေးတွေသွားလာလို့ရပါပြီ။ လမ်းမပိတ်တော့ပါဘူး။ ရှောင်ကွင်းလမ်းတွေလုပ်ပြီး ကားတွေသွားလာလို့ရအောင် အရင်လုပ် ဆောင်ထားပါတယ်" ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။ရခိုင် ပြည်နယ်အတွင်း လမ်းပျက်နေမှု များပြားကြောင်း၊ နေရာအတော်များများတွင် လမ်းများပျက်စီးခဲ့ကြောင်းနှင့် ပျက်စီးမှု အနည်းအများသာ ကွာခြားကြောင်း၊ ယင်းသို့ ပျက်စီးရာတွင် လေးငါး နေရာခန့်များစွာပျက် စီးခဲ့ကြောင်း၊ အမ်းတွင် ပျက်စီးနေမှုမှာ အများဆုံးဖြစ်ကြောင်းနှင့် ဇွန် ၃၀ရက်တွင် ကားများသွား လာနိုင်ပြီဖြစ်သော်လည်း သတိ ထားသွားလာ နေရကြောင်းနှင့် အချို့နေရာ များတွင် ရှောင်ကွင်းလမ်းများကို အသုံးပြုကာ သွားလာနေရကြောင်း ကားသမားအသိုင်းအဝိုင်းမှ သိရသည်။                            

Most Read

Most Recent