လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဆက်သွယ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍများမှ အလုပ်အကိုင်ဖန်တီးပေးမှု နှစ်စဉ် ၂၃ ရာခိုင်နှုန်းဖြင့် တိုးတက်မှုအမြင့်ဆုံးဖြစ်လာနိုင်

လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဆက်သွယ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍများမှ အလုပ်အကိုင်ဖန်တီးပေးမှု နှစ်စဉ် ၂၃ ရာခိုင်နှုန်းဖြင့် တိုးတက်မှုအမြင့်ဆုံးဖြစ်လာနိုင်
Published 1 July 2015
နွဲ့ယဉ်အေး

လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဆက်သွယ်ရေးကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍများမှ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်ဖေန်တီးပေးမှုမှာ နှစ်စဉ် ၂၃ ရာခိုင်နှုန်းဖြင့် တိုးတက်မှုအမြင့်ဆုံးဖြစ်လာနိုင်ကြောင်း ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ကြီး၏စစ်တမ်းတွင် ခန့်မှန်းချက်အရ သိရသည်။
လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဆက်သွယ်ရေးကဏ္ဍမှ အလုပ်အကိုင်ဖန်တီးပေးမှုမှာ နှစ်စဉ် ၂၃ ရာခိုင်နှုန်းရှိလာနိုင်ပြီး ယခင်က အလုပ်အကိုင်သုညနီးပါးမှ သုည ဒသမ ၂ သန်းအထိ တိုးလာနိုင်ကြောင်း သိရသည်။
ဘဏ္ဍာရေးကဏ္ဍမှ အလုပ်အကိုင်ဖန်တီးပေးမှုမှာလည်း ၂၀၃၀ ပြည့်နှစ်တွင် ၂၃ ရာခိုင်နှုန်းတိုးတက်လာနိုင်ပြီး အလုပ်အကိုင်ပေါင်း သုညနီးပါးမှ သုည ဒသမ ၄ သန်းနီးပါးအထိ တိုးတက်ရရှိလာနိုင်ကြောင်း သိရသည်။
ကျန်ကဏ္ဍများအနက် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ လူဦးရေအများဆုံးကို အလုပ်အကိုင်ဖန်တီးပေးနိုင်သည့်ကဏ္ဍဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် နှစ်စဉ်ရာခိုင်နှုန်း ၁၀ တိုးတက်မှုဖြင့် အလုပ်အကိုင်ပေါင်း ၁ ဒသမ ၈ သန်း မှ ၇ ဒသမ ၆ သန်းအထိ တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
အခြားကဏ္ဍများတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကဏ္ဍမှ ၁၇ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်မှုဖြင့် လုပ်သားပေါင်း သုည ဒသမ ၅ သန်းမှ ၂ ဒသမ ၃ သန်း၊ ဆောက်လုပ်ရေးကဏ္ဍမှ နှစ်စဉ် ရှစ်ရာခိုင်နှုန်းတိုးတက်မှုဖြင့် လုပ်သားပေါင်း သုည ဒသမ ၅ သန်းမှ ၂ ဒသမ ၃ သန်းအထိ အသီးသီးအလုပ်အကိုင်ခန့်ထားပေးနိုင်မှု တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ စွမ်းအင်ကဏ္ဍမှလည်း နှစ်စဉ်တိုးတက်မှုနှုန်း ငါးရာခိုင်နှုန်းဖြင့် လုပ်သားပေါင်း သုည ဒသမ ၁ သန်းမှ ၀ ဒသမ ၃ သန်း အထိ အလုပ်အကိုင်များ တိုးတက်ရရှိလာနိုင်သည်ဟုဆိုသည်။
လက်ရှိ မြန်မာနိုင်ငံသားအများဆုံးကို အလုပ်အကိုင်ပေးထားနိုင်သည့် စိုက်ပျိုးရေးကဏ္ဍမှာ ၂၀၃၀ ပြည့်နှစ်တွင် နှစ်စဉ်တိုးတက်မှု လေးရာခိုင်နှုန်းဖြင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု တည်ငြိမ်နေမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသော လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့်အခက်အခဲများအနက် ကျွမ်းကျင်အလုပ်သမားပြတ်လပ်မှုပြဿနာမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။
မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှုအတွက် လာဘ်စားမှုပြီးလျင် အပြင်းထန်ဆုံးအတားအဆီးမှာ အရည်အချင်းပြည့်မီသော လုပ်သားလိုအပ်ချက်ဖြစ်နေသည်ဟု အဆိုပါစစ်တမ်းအရ သိရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းတွင် စီးပွားရေးကဏ္ဍအသစ်များမှ အလုပ်အကိုင်ဖန်တီးပေးမှု မြင့်တက်လာခဲ့သော်လည်း အရည်အချင်းပြည့်မီသော လုပ်သားလိုအပ်ချက်လည်း မြင့်တက်လာခဲ့သဖြင့် အလုပ်အကိုင်ရရှိမှုများအတွက် အဟန့်အတားဖြစ်နေကြောင်း လုပ်သားဈေးကွက်အတွင်းမှ သိရသည်။        

Most Read

Most Recent