SMIDB ဘဏ်အနေဖြင့် မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့် ရရှိသော ချေးငွေ ကျပ်ဘီလျံ ၉၀ ကို အသေးစား အလတ်စား လုပ်ငန်းများအား ထုတ်ချေး

SMIDB ဘဏ်အနေဖြင့် မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့် ရရှိသော ချေးငွေ ကျပ်ဘီလျံ ၉၀ ကို အသေးစား အလတ်စား လုပ်ငန်းများအား ထုတ်ချေး
Published 29 June 2015
သက်ထား၊ အေးမြတ်မွန်

အသေးစားနှင့် အလတ်စားစက်မှုလုပ် ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ (၄) မှတစ်ဆင့် ရရှိခဲ့သောချေးငွေ ကျပ် ၉၀ ဘီလျံကို အသေးစား အလတ်စား လုပ်ငန်းများအား ထုတ်ချေးပေးလျက်ရှိကြောင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
အဆိုပါချေးငွေများကို စက်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် ချေးငွေများကို ဦးစားပေး ထုတ်ချေးပေးလျက်ရှိကာ ယင်းသို့ချေးရာတွင် စက်မှုကုန်ထုတ် လုပ်ငန်းများနှင့် အခြားလုပ်ငန်းများအား အတိုးနှုန်းကို ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေကြောင်း သိရသည်။
ထို့အပြင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ချေးငွေ ၂၀ ဘီလျံကို ထုတ်ချေးရန် လျာထားခဲ့သော်လည်း ၁၄ ဒသမ ၇၅ ဘီလျံကိုသာ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုလာမည့် ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသည့် ၁၅ ဘီလျံကျော်ကို ထပ်မံထုတ်ချေးသွားမည် ဖြစ်ကြောင်း သိရသည်။
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အဓိကလိုအပ်သည့် ငွေကြေးထည့်ဝင်ရာတွင် ဖြည့်ဆည်းပေးနိုင်သည့် ဦးဆောင်ဘဏ် တစ်ခုအဖြစ် ရပ်တည်သွားရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ SMIDB ဘဏ်မှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အစိုးရ၏ပံ့ပိုးမှုဖြင့် မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့် ချေးငွေထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ချေးငွေချေးလိုသည့် လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာ တိုင်းပြည်နယ်အစိုးရ၏ ထောက်ခံချက်ရရှိရန် လိုအပ်ပြီး ယင်းသို့ထောက်ခံချက် ရရှိပြီးမှသာ SMIDB ဘဏ်မှ ထုတ်ချေးပေးကြောင်း သိရသည်။ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ချေးငွေထုတ်ချေးခြင်းကို တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပြီး အပေါင်ပစ္စည်း ပေါ်မူတည်ကာ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ချေးကာ ယင်းချေးငွေကို သုံးနှစ်အတွင်း ပြန်လည်ဆပ်ရမည်ဖြစ်သည်။
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ် လီမိတက်အနေဖြင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် ငွေကျပ်တစ်ဘီလျံနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကျပ်နှစ်ဘီလျံစီ ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အသေးစား အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငွေကြေးအရင်းအနှီးရရှိမှု၊ နည်းပညာ လိုအပ်မှုနှင့် ဈေးကွက်ရရှိရန်တို့မှာ အဓိက လိုအပ်ချက် ဖြစ်နေကြောင်းလည်း အသေးစား အလတ်စား လုပ်ငန်းရှင်များထံမှ သိရသည်။
 

Most Read

Most Recent