ဗုံးဆန်ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုများ ပုံမှန်လည်ပတ်လျက်ရှိဟုဆို

ဗုံးဆန်ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုများ ပုံမှန်လည်ပတ်လျက်ရှိဟုဆို
Published 29 June 2015
ချမ်းမြေ့သူ

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှုများ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းမောင်က ဇွန် ၂၉ ရက်တွင် ပြောကြားသည်။
ဇွန် ၂၇ ရက်ညပိုင်းတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်းသို့ ဗုံးဆန်သုံးလုံးကျရောက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်များကြောင့် ကုန်သွယ်မှုများ ဆောင်ရွက်မှုတွင် ခက်ခဲသွားခြင်း ကြန့်ကြာသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း ကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ပေါက်ကွဲမှုဖြစ်တဲ့အခါ ကုန်သိုလှောင်ရုံတွေကို ထိခိုက်မှုမရှိပါဘူး။ ကုန်သွယ်မှုကတော့ ပုံမှန်အတိုင်းပဲ လည်ပတ်နေပြီး ကုန်ကားအဝင်အထွက်ကလည်း ပုံမှန်ပါပဲ” ဟု ၎င်းကဆက်လက် ပြောကြားသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် မြန်မာ-တရုတ် နှစ်နိုင်ငံလုပ်ငန်းရှင်များ ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ နယ်စပ်ကုန်သွယ်မှုပြုလုပ်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု အများဆုံးပြုလုပ်နေသည့် ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ကြောင်း သိရသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် မြန်မာနိုင်ငံဘက်မှ ထွက်ရှိသည့် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ ရော်ဘာနှင့် သစ်သီးမျိုးစုံ စသည်တို့ကို တင်ပို့လျက်ရှိနေပြီး သွင်းကုန်အနေဖြင့် ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ စသည်တို့ကို ပြန်လည်တင်သွင်းမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်မည့် ကုန်ကားအစီးရေ ၇၀ ကျော်အထိ နေ့စဉ်ဝင်ရောက်မှု ရှိနေကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇွန် ၁၂ ရက်အထိ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၆၄ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။              

Most Read

Most Recent