မြန်မာလက်ဝှေ့ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို လာမည့် ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)သုဝဏ္ဏ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို One Championship အဖွဲ့အစည်း၏စီစဉ်မှုဖြင့် Z Corporation ၏ပံ့ပိုးမှုဖြင့် ကျင်းပခြင်းဖြစ်ပြီး One Kingdom of Warriors အမည်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများမှာ MMA စည်းမျဉ်းအတိုင်း ထိုးသတ်မည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် လက်ရှိကမ္ဘာ့ချန်ပီယံ ဘရာဇီးလ်နိုင်ငံသား ဘီဘောင်နိုနှင့် ဖင်လန်နိုင်ငံသား တိုနီတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ထို့ပြင် အမျိုးသမီးလက်ဝှေ့ပွဲစဉ်တစ်ပွဲလည်း ပါဝင်မည်ဖြစ်ပြီး မြန်မာလက်ဝှေ့သမားများမှာ MMA ပြိုင်ပွဲအတွေ့အကြုံနည်းသေးသောကြောင့် သီးသန့်ပြိုင်ပွဲပြုလုပ်ပေးမည်ဖြစ်သည်။ မြန်မာကစားသမားများအတွက် ဝိတ်တန်းနှစ်တန်းပါဝင်မည်ဖြစ်ပြီး လိုက်ဝိတ်တန်းတွင် စောဘဦးနှင့် ဒေါနအောင်၊ သွေးသစ်အောင်နှင့် စောသဲဦး၊ ဖယ်သာဝိတ်တန်းတွင် မင်းထက်ဇော်နှင့် မျိုးမာန်သစ်၊ လှစ်လှစ်လေးနှင့် သပြေညိုတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အနိုင်ရရှိသည့်ကစားသမားများမှာ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့ပြင် မြန်မာ့ရိုးရာလက်ဝှေ့ထိုးသတ်ပုံများကို နိုင်ငံတကာမှသိရှိနိုင်ရန်အတွက် MMA ပွဲစဉ်များမစတင်မီ ဖျံသွေးနှင့် စိုးထက်ဦးတို့က ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ One Championship အဖွဲ့အစည်းသည် အာရှ၌ MMA ပွဲစဉ်များကိုစီစဉ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းပြိုင်ပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဇွန် ၂၆ ရက်က Rose Garden ဟိုတယ်တွင်ပြုလုပ်ခဲ့ပြီး တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။









