ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၁၈၂ ကျပ် ဝန်းကျင်ရှိ

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၁၈၂ ကျပ် ဝန်းကျင်ရှိ
Published 26 June 2015
အောင်မြတ်ကို

ဇွန် ၂၆ ရက်ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၁၈၂ ကျပ်ဝန်းကျင်တွင်ရှိနေကြောင်း ပြင်ပဈေးကွက်အသိုင်းအဝိုင်းထံမှ သိရသည်။၂၀၁၅ ခုနှစ်အတွင်း ဒေါ်လာတန်ဖိုးကို ထိန်းချုပ်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ မေလအတွင်း မေ ၁၃ ရက်၊ ၂၇ ရက်နှင့် ၂၉ ရက်များတွင် ဆွေးနွေးခြင်း၊ ညွှန်ကြားချက်များထုတ်ပြန်ကြေညာခြင်း၊ ဇွန် ၁၀ ရက်တွင် လွှတ်တော်ကော်မတီများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ထပ်မံဆွေးနွေးခြင်း၊ ဇွန် ၁၈ ရက်တွင် ဗဟိုဘဏ်မှ သတ်မှတ်ပေးထားသော ငွေလဲနှုန်းဖြင့် စားအုန်းဆီနှင့် စက်သုံးဆီသွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သောဒေါ်လာငွေကို MFTB, MICB နှင့် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ရောင်းချမည်ဟု ပုဂ္ဂလိကဘဏ်မှ တာဝန်ရှိသူများပြောကြားမှုအပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည် ဇွန်တတိယပတ်မှစ၍ ကျပ် ၁၂၀၀ အောက်ကျဆင်းလာခြင်းဖြစ်သည်။ဒေါ်လာတန်ဖိုးသည် ဇွန် ၂၂ ရက်အထိ ရောင်းဈေး ၁၁၆၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၅၇ ကျပ်ဝန်းကျင်တွင် ရှိနေခဲ့သည်။ ဇွန် ၂၃ ရက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ၁၁၈၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၇၅ ကျပ်ဝန်းကျင်နှင့် ၂၄ ရက်တွင် ရောင်းဈေး ၁၁၉၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၈၂ ကျပ်ဝန်းဝန်းကျင်သို့ မြင့်တက်ခဲ့သော်လည်း ဇွန် ၂၅ ရက်တွင် ဒေါ်လာတန်ဖိုးမှာ ပြန်လည်ကျဆင်းခဲ့သည်။ဇွန် ၂၆ ရက်တွင်ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၁၁၀ သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၁၈၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၇၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ဇွန်တတိယပတ်အတွင်း ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် ဇွန် ၁၅ ရက်မှ ၁၈ ရက်အထိ ရောင်းဈေး ၁၁၁၄ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၁၃ ကျပ်ဝန်းကျင်တွင်ရှိခဲ့ပြီး ဇွန် ၁၉ ရက်မှ ၂၆ ရက်အထိ ရောင်းဈေး ၁၁၁၉ ကျပ်ဝန်းကျင်၊ ၁၁၁၈ ကျပ်ဝန်းကျင်တွင် ရှိနေခဲ့သည်။တရားဝင်ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း၊ A.D လိုင်စင်ရဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent