(၅၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ယူရို ၁၃ သန်းခန့်တန်ကြေးရှိ ကျောက်စိမ်းတွဲနှင့် ယူရိုခြောက်သိန်းတန် ပတ္တမြားငမောက်အတွဲအား ဈေးပြိုင်စနစ်ဖြင့်ရောင်းချမည်

(၅၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ယူရို ၁၃ သန်းခန့်တန်ကြေးရှိ ကျောက်စိမ်းတွဲနှင့် ယူရိုခြောက်သိန်းတန် ပတ္တမြားငမောက်အတွဲအား ဈေးပြိုင်စနစ်ဖြင့်ရောင်းချမည်
Published 25 June 2015
နေရိုင်း၊ ကျော်မျိုး

(၅၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲ၌ ဈေးပြိုင်စနစ်ဖြင့် အခြေခံဈေးနှုန်းအမြင့်ဆုံးအတွဲအဖြစ် ယူရို ၁၃ သန်းခန့်တန်ကြေးရှိ ကျောက်စိမ်းတွဲနှင့် ယူရိုခြောက်သိန်းတန်ကြေးရှိ ပတ္တမြားငမောက်အတွဲအား ရောင်းချမည်ဖြစ်ကြောင်း ပြပွဲဗဟိုကော်မတီမှ သိရသည်။ပြပွဲဗဟိုကော်မတီဝင် ညွှန်ကြားရေးမှူး ဦးမင်းသူက "အခြေခံဈေးအမြင့်ဆုံးက ၁၂ သန်း ၈ သိန်းတန်ဈေးပြိုင်စနစ်အတွဲပါ။ တင်ဒါအချောထည်မှာတော့ ယူရို ၁၀၀၀ ကအနိမ့်ဆုံးပါ။ အနိမ့်ဆုံးအချောထည်ကတော့ ယူရို ၁,၀၀၀ပါ" ဟုပြောကြားသည်။ယခုကျောက်မျက်ပြပွဲတွင် တင်ဒါ/ ဈေးပြိုင်စနစ်ဖြင့် ကျောက်မျက်နှင့် လက်ဝတ်အတွဲ စုစုပေါင်း ၃၁၀ တွဲကို အခြေခံယူရိုဈေး ငါးသန်းဖြင့်တင်ပြရောင်းချရန်လျာထားပြီး တင်ဒါစနစ်ဖြင့် ရောင်းချမည့်ကျောက်မျက်အတွဲ ၂၃၆ တွဲနှင့် ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် ကျောက်မျက်လက်ဝတ်အတွဲ ၈၇ တွဲအား အခြေခံယူရိုဈေး ၁၁ ဒသမ ၃၈ သန်း၊ ကျောက်စိမ်းတွဲများတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ၈၆၀၈ တွဲနှင့် ဈေးပြိုင်စနစ်ဖြင့် ၃၃၅ တွဲတို့မှာ ယူရိုငွေသန်းပေါင်း ၆၂၇ ဒသမ ၃၂၅ တန်ဖိုးသတ်မှတ်ထားကြောင်း သိရသည်။အခြေခံယူရိုငွေ ၄,၀၀၀ မှ ၂၀၀,၀၀၀ အထိသတ်မှတ်ထားသော ကျောက်စိမ်းတွဲများကို အိတ်ဖွင့်တင်ဒါစနစ်၊ အခြေခံဈေးယူရိုငွေ ၂၀၀,၀၀၁ နှင့်အထက် သတ်မှတ်ထားသော ကျောက်စိမ်းအတွဲများကို ဈေးပြိုင်စနစ်နှင့် အခြေခံယူရိုတစ်သန်းနှင့်အထက် ကျောက်စိမ်းအတွဲပေါင်း ၈၆ တွဲအား တင်ပြရောင်းချသွားမည်ဖြစ်သည်။ယခုနှစ်ကျောက်မျက်ပြပွဲတွင် ကျောက်မျက်တွဲများကို ယခင်နှစ်ထက် တိုးမြှင့်ပြသနိုင်ခဲ့သော်လည်း ဝယ်ယူမည့်ကုန်သည်များမှ Deposit ငါးရာခိုင်နှုန်းကြိုတင်တင်ပြရန် သတ်မှတ်လိုက်သည့်အတွက် ပြည်ပကုန်သည်လာရောက်မှု ထက်ဝက်ခန့်လျော့ကျသွားခဲ့ကြောင်း သိရသည်။ဦးမင်းသူက "ဝယ်ယူသူတွေဘက်မှာ Deposit ငါးရာခိုင်နှုန်းတင်ပြရမယ်ဆိုတဲ့အပိုင်းလေးတော့ နည်းနည်းအပြောင်းအလဲရှိပါတယ်။ အရင်ပွဲတွေထက်စာရင် လာရောက်တဲ့နိုင်ငံခြားကုန်သည် နည်းသွားတယ်လို့ တွေ့ရှိရပါတယ်။ အရင်ပွဲတွေက Deposit ရာခိုင်နှုန်း သတ်မှတ်ချက်မရှိတဲ့အတွက် အမျိုးမျိုးသောအကြောင်းတွေနဲ့ တက်ရောက်တယ်လို့ ယူဆရပါတယ်။ ဒီပွဲကတော့ အမှန်တကယ်ဝယ်မယ့်သူကို စိစစ်လိုက်တဲ့သဘောမျိုးဖြစ်လို့ ကုန်သည်ကတော့နည်းသွားတယ်" ဟုပြောကြားခဲ့သည်။

Most Read

Most Recent