ရွေးကောက်ပွဲမတိုင်မီ NCA စာချုပ်အား လက်မှတ်ရေးထိုးနိုင်ခြင်း ရှိမရှိ ဇူလိုင်လဆန်းတွင် စီစဉ်ထားသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲအပေါ် မူတည်နေ

ရွေးကောက်ပွဲမတိုင်မီ NCA စာချုပ်အား လက်မှတ်ရေးထိုးနိုင်ခြင်း ရှိမရှိ ဇူလိုင်လဆန်းတွင် စီစဉ်ထားသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲအပေါ် မူတည်နေ
Published 24 June 2015
အောင်ဇော်ထွန်း

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အား အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား လက်မှတ်ရေးထိုးနိုင်ခြင်း ရှိမရှိ ကိစ္စမှာ လာမည့်ဇူလိုင်လဆန်းတွင် တွေ့ဆုံရန် စီစဉ်ထားသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲအပေါ် မူတည်နေကြောင်း လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေများအရ သိရသည်။ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်ရီ၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ပါဝင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် ဦးထွန်းဇော်တို့ ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၂ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ပြီး ဇူလိုင်လဆန်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်၌  တွေ့ဆုံရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက “ဇူလိုင်မှာတွေ့ဆုံမယ် ဆိုတဲ့ဟာက ချင်းမိုင်မှာတွေ့ဖို့ကို ရည်ရွယ်ထားပါတယ်။ ဒီမှာ မဟုတ်ဘူး ဦးအောင်မင်းနဲ့ သူ့အဖော်အချို့ ချင်းမိုင်မှာ လာမယ်။ ချင်းမိုင်မှာ လာတဲ့အခါကျရင် အန်ကယ်တို့ NCCT နဲ့တင် မဟုတ်ဘူး။ အခုဖွဲ့လိုက်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့မှာ။ ရည်ရွယ်ချက်ရှိတယ်။ ရက်ချိန်းတွေ ဘာတွေက အတိအကျတော့ မရှိသေးဘူး” ဟု ဇွန် ၂၃ ရက်က ရန်ကုန်မြို့၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။UPWC နှင့် NCCT တို့အကြား ပြီးခဲ့သည့် မတ် ၃၁ ရက်က အတည်ပြုထားသည့် NCA (မူကြမ်း) အပေါ် ကရင်ပြည်နယ် လော်ခီးလာဒေသ၌ ဇွန် ၂ ရက်မှ ၉ ရက်ထိ ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ပြင်ဆင်ချက်များရှိခဲ့ရာ ယင်းပြင်ဆင်ချက်များအား ဆက်လက်ညှိနှိုင်းရန် NCCT ထက်လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းခဲ့သည်။NCA မူကြမ်းပါ အချက်အချို့ ပြင်ဆင်မှုကို အစိုးရက လက်ခံခြင်း ရှိမရှိနှင့် ယင်းပြင် ဆင်ချက်များကို ညှိနှိုင်းရန် ဖွဲ့စည်းထားသည့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို အစိုးရဘက်က လက်ခံဆွေးနွေးနိုင်ခြင်း ရှိမရှိကိုမူ လာမည့်ဇူလိုင်လဆန်းတွင် ချင်းမိုင်၌ ပြုလုပ်မည့် တွေ့ဆုံပွဲကျမှသာ သိရမည်ဖြစ်ပြီး အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို လက်ခံခြင်း မရှိပါက အပစ်ရပ် (မူကြမ်း)အား ဆက်လက်ညှိနှိုင်းသည့် လုပ်ငန်းစဉ်မှာ ကြန့်ကြာသွားနိုင်သည်ဟု ဦးနိုင်ဟံသာက ဆိုသည်။ဦးနိုင်ဟံသာက “အန်ကယ်တို့နဲ့ ဆွေးနွေးထားမှု အပေါ်မှာ ဦးအောင်မင်းကနေ သမ္မတရော သက်ဆိုင်ရာ UPCC က ခေါင်းဆောင်တွေကိုရော တင်ပြပြီးတော့ အဲဒီလို သူတို့ရဲ့ သမ္မတတို့ UPCC က ထိပ်သီးခေါင်းဆောင်များရဲ့ သဘောထားကို အန်ကယ်တို့ကို လာမယ့် ဇူလိုင်လမှာ ပြောပြမယ်။ ပြောပြပြီးတော့ တကယ်လို့ အဆင်ပြေရင် သဘောကတော့ အန်ကယ်တို့ရဲ့ ဒီအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ကို လက်ခံရင် ဒီဆက်လက်ဆွေးနွေးဖို့ကို လက်ခံရင် ဒါကတော့ နောက်အချိန် သတ်မှတ်ပြီးတော့ အန်ကယ်တို့ ဒီကိုပြန်လာပြီးတော့ ဆက်ပြီးဆွေးနွေးသွားမယ် အဲဒီလို သဘောထား ရှိပါတယ်။ ဒါပေမဲ့ သူတို့က အတိအကျ အဖြေမပေးနိုင်သေးတော့ သူက ထပ်ဆင့်ပြီး တင်ပြရမယ်ဆိုတဲ့ အစီအစဉ်ကတော့ တကယ်လို့ အထက်အဆင့်က သဘောမတူဘူး ဆိုရင်တော့ ဒီကိစ္စက ကြန့်ကြာသွားနိုင်တယ်ပေါ့” ဟု ပြောကြားသည်။လော်ခီးလာ အစည်းအဝေး ဆုံးဖြတ်ချက်များတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးရာတွင် အနိမ့်ဆုံး NCCT အဖွဲ့ဝင် ၁၆ ဖွဲ့ ပါဝင်ရန်၊ စာချုပ်လက်မှတ်ထိုးရာတွင် နှစ်ဖက်အဆင့်မြင့် ခေါင်းဆောင်များ ကိုယ်တိုင်ပါဝင် လက်မှတ်ထိုးရေး၊ စာချုပ်လက်မှတ်ထိုးရာတွင် အသိသက်သေအဖြစ် UN နှင့် အာဆီယံမှ အတွင်းရေးမှူးချုပ်များနှင့် တရုတ်နိုင်ငံ အပါအဝင် အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ နော်ေ၀ နိုင်ငံများ အသိသက်သေအဖြစ် ပါဝင်ရေးတို့ကို ဆုံးဖြတ်ခဲ့ပြီး ယင်းကိစ္စများသည် နှစ်ဖက်အကြား ယခင်ကတည်းက သဘောတူညီမှု မရခဲ့သည့် အချက်များဖြစ်ပြီး NCA အတည်ပြု မူကြမ်းတွင် မှတ်တမ်းအဖြစ် ထည့်သွင်းထားသည့် အချက်များဖြစ်ကာ NCA ရရှိပြီးမှသာ ဆက်လက်ညှိနှိုင်းရန် သဘောတူထားကြောင်း သိရသည်။ဦးနိုင်ဟံသာက “အန်ကယ်တို့ အဖွဲ့ဝင်ထဲက တချို့ကို ချန်ပြီး နောက်လူတွေကို တိုးမယ်ဆိုရင် အစိုးရက အဲဒီကျန်တဲ့အဖွဲ့ကို သွားဖိတိုက်နေမယ်ဆိုရင် အန်ကယ်တို့အနေနဲ့ ကိုယ့်အပေါင်းအသင်း ကိုယ့်သူငယ်ချင်း ကိုယ့်ညီအစ်ကိုကို အစိုးရက တိုက်ဖို့ ဖွင့်ပေးလိုက်သလို ဖြစ်သွားရင် အန်ကယ်တို့က သူတို့အပေါ်မှာ သစ္စာမရှိရာ ကျတယ်၊ သစ္စာဖောက်ရာ ကျတယ်။ အဲဒီဟာလည်း မဖြစ်သင့်ဘူးလို့ ခံစားရလို့ ညီအစ်ကိုတွေ အားလုံး အတူတကွ ပါဝင်ရေးကို ချမှတ်လိုက်တာ ဖြစ်တယ်” ဟု ပြောကြားသည်။

Most Read

Most Recent