ယူရိုငါးသန်းတန် ပတ္တမြား ပါဝင်သည့် (၅၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ပြည်ပရတနာကုန်သည် လာရောက်မှု ယခင်နှစ်ကထက် ထက်ဝက်ခန့် လျော့ကျ

ယူရိုငါးသန်းတန် ပတ္တမြား ပါဝင်သည့် (၅၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ပြည်ပရတနာကုန်သည် လာရောက်မှု ယခင်နှစ်ကထက် ထက်ဝက်ခန့် လျော့ကျ
Published 24 June 2015
နေရိုင်း၊ ကျော်မျိုး

ဇွန် ၂၄ ရက်မှ စတင်ကျင်းပသည့် (၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ယခင်နှစ်ထက် ကျောက်မျက်တွဲများ ပိုမိုတင်ပြ ရောင်းချခဲ့သော်လည်း ပြည်ပရတနာကုန်သည် လာရောက်မှု ထက်ဝက်ခန့် လျော့ကျခဲ့ပြီး တရုတ်နိုင်ငံမှ ကုန်သည်များသာ အများဆုံး လာရောက်ခဲ့ကြောင်း သိရသည်။ပြပွဲတွင် ပြည်တွင်းရတနာကုန်သည်များနှင့် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ပြည်ပရတနာကုန်သည် ၆,၀၇၂ ဦး ဖိတ်ကြားထားရှိသော်လည်း ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ လာအို၊ ထိုင်း၊ မလေးရှား၊ အစ္စရေးတို့မှ ၂၂၃၅ ဦး လာရောက်ခဲ့ကြောင်း သိရသည်။“ဒီနှစ်က စုစုပေါင်း ၆၀၀၀ ကျော်ရှိတယ်။ ပြီးခဲ့တဲ့ပွဲက အထွေထွေဦးရေ ၁၄၀၀၀ ကျော် ရှိတယ်။ ဒီနှစ်က လျော့သွားတယ်။ အထူးသဖြင့် ပြည်ပရတနာကုန်သည်မှာ အခု ၂၂၃၅ ယောက်ပဲရှိတယ်။ ပြီးခဲ့တဲ့ပွဲက ၄၀၀၀ ကျော်ဝင်တယ်။ ကျောက်တွဲအရေအတွက်က ပြီးခဲ့တဲ့ပွဲက ၇၅၀၀ ခန့်ပဲ တင်ပြခဲ့ပြီး အခုက ပိုများတယ်။ ၈၉၄၃ တွဲဆိုတော့ ၁၅၀၀ လောက် ပိုများတယ်” ဟု ပြပွဲဗဟိုကော်မတီ ဒုဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောကြားသည်။ပြီးခဲ့သည့် (၅၁) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၇၁၀၀ ကျော်နှင့် ကျောက်မျက်အတွဲ ၂၇၁ တွဲတို့ကို ကုမ္ပဏီ ၆၀ ကျော်က ရောင်းချခဲ့သည်။မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါပြပွဲတွင် ကျောက်မျက်အတွဲ ၃၂၃ တွဲတွင် ၂၃၆ တွဲကို အိတ်ဖွင့်တင်ဒါစနစ်၊ ၈၇ တွဲကို ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၈၉၄၃ တွဲတွင် ၈၆၀၈ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ၃၃၅ တွဲကို ဈေးပြိုင်စနစ်တို့ဖြင့် တင်ပြရောင်းချသွားမည်ဖြစ်သည်။အခြေခံယူရိုငွေ ၄,၀၀၀ မှ ၂၀၀,၀၀၀ အထိ သတ်မှတ်ထားသော ကျောက်စိမ်းတွဲများကို အိတ်ဖွင့်တင်ဒါစနစ်၊ အခြေခံဈေးယူရိုငွေ ၂၀၀,၀၀၁ နှင့်အထက် သတ်မှတ်ထားသော ကျောက်စိမ်းအတွဲများကို ဈေးပြိုင်စနစ်နှင့် အခြေခံယူရို တစ်သန်းနှင့်အထက် ကျောက်စိမ်းအတွဲပေါင်း ၈၆ တွဲအား တင်ပြရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ကျောက်မျက်အတွဲများတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်မျက်တွဲ ၂၃၆ တွဲနှင့် ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် ၈၇ တွဲတို့မှာ ယူရိုငွေသန်းပေါင်း ၁၁ ဒသမ ၃၈၈ သန်း၊ ကျောက်စိမ်းတွဲများတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ၈၆၀၈ တွဲနှင့် ဈေးပြိုင်စနစ်ဖြင့် ၃၃၅ တွဲတို့မှာ ယူရိုငွေ သန်းပေါင်း ၆၂၇ ဒသမ ၃၂၅ သန်းတန်ဖိုး သတ်မှတ်ထားကြောင်း သိရသည်။

Most Read

Most Recent